ဇွန် ၈ ရက်မှ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်

0
178

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် ဇွန် ၅ ရက်မှ ၈ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ရာမှ လျော့နည်းသွားပြီး မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၄ ရက်ည ၉ နာရီတွင်အသိ ပေးထုတ်ပြန်ခဲ့သည်။

မုတ်သုံလေအားကောင်းလာနိုင်၍ ဇွန် ၈ ရက်မှ ၁၅ ရက်အတွင်း ရန်ကုန်တိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယား ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး နေရာအချို့တွင် လေပြင်းများလည်းတိုက်ခတ်နိုင်သည်ဟု ဆိုသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့တွင် ရေပြင်/မြေပြင်လေ တစ်နာရီလျင် ၃၅ မိုင်မှမိုင် ၄၀ အထိတိုက်ခတ်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်အထိမြင့်နိုင်သော မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထို့ကြောင့် မုတ်သုံလေအားကောင်းလာနိုင်ကာ မိုးရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် မိုးဇလကအသိပေးနှိုးဆော်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here