ဇလာတန် အီဗရာဟီ မိုဗစ် အသက် ၄၁ နှစ်တွင် ဘောလုံးလောကမှ အပြီးတိုင် အနားယူ

0
332

ကမ္ဘာကျော် ဘောလုံးသမား ဇလာတန် အီဗရာဟီ မိုဗစ်သည် ဇွန်လ ၄ ရက် တနင်္ဂနွေနေ့ အသက် ၄၁ နှစ် အရွယ်တွင် ဘောလုံးလောကမှ အပြီးပိုင် အနားယူတော့မည်ဟု ကြေညာသွားခဲ့ကြောင်း သိရသည်။

ဆွီဒင်၏ ဂန္တဝင် ဘောလုံးသမား ဇလာတန်သည် အီတလီ ဘောလုံးကလပ် အေစီမီလန်နှင့် ဇွန်လအကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ထိုအသင်းနှင့် ထပ်မံသက်တမ်းတိုးသွားမည် မဟုတ်ဟု ကြေညာလာခဲ့ပြီးနောက် ယခုကဲ့သို့ အနားယူသွားခဲ့ခြင်းဖြစ်သည်။

အေစီမီလန်က ဗယ်ရိုနာကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဇလာတန်သည် ဘောလုံးကွင်းပြင်ထဲ၌ “ဘောလုံးလောကကို နှုတ်ဆက်ရမယ့် အချိန်ရောက်လာပါပြီ။ ကျွန်တော် ဒီအသင်းနဲ့ အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေ အများကြီး ရှိခဲ့ပါတယ်၊ ပထမအကြိမ် ဒီကို စရောက်လာတုန်းက ကျွန်တော်ကို ပျော်ရွှင်မှုတွေ ပေးခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ အချစ်တွေ ပေးခဲ့တယ်” ဟု ဆိုကာ မီလန်ပရိသတ်များကို နှုတ်ဆက်ရင်း ဘောလုံးလောကမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ဇလာတန်သည် သူ၏ ကိုယ့်ကိုယ်ကို ယုံကြည်မှု အလွန်ပြင်းထန်ပြီး စကားကို ထိထိမိမိ ပြောတတ်သည့် ပင်ကိုစရိုက်ကြောင့် ဘောလုံးနှင့် ပတ်သက်လျှင် သိပ်အာရုံ စိုက်လေ့မရှိသည့် အမေရိကကဲ့သို့ နေရာမျိုး၌ပင်လျှင် လူသိများ ကျော်ကြားသူ ဖြစ်သည်။

ဇလာတန်သည် မန်ယူ၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အေစီမီလန်နှင့် ဂျူဗင်တပ် အပါအဝင် ကလပ်ပေါင်း ၉ ခု၌ ဆော့ကစားပေးခဲ့သူ ဖြစ်သည်။ ကလပ်ပွဲပေါင်း ၈၆၆ ပွဲ၌ သွင်းဂိုးပေါင်း ၅၁၁ ဂိုး သွင်းယူထားပြီး နိုင်ငံအတွက်မူ ပွဲပေါင်း ၁၂၂ ပွဲ၌ ၆၂ ဂိုး သွင်းပေးနိုင်ခဲ့သည်။

Source:sky Sports


LEAVE A REPLY

Please enter your comment!
Please enter your name here