ရန်ကုန် အပါအဝင် ဒေသ ၅ ခုတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ များပြားနေပြီး ငါးလအတွင်း ရောဂါဖြစ်ပွားသူ ၁၇၀၀ ကျော်၊ သေဆုံးသူ ၇ ဦးရှိ

0
219

ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခုတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ များပြားနေပြီး ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း ရောဂါဖြစ်ပွားသူ ၁၇၀၀ ကျော်၊ သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရောဂါဖြစ်ပွားမှု များပြားနေကြောင်းနှင့် ရောဂါဖြစ်ပွားသည့် အသက်အရွယ်မှာ ယခင်က အသက် ၁၅ နှစ်အောက်တွင် ဖြစ်ပွားမှုများပြားခဲ့သော်လည်း ပြီးခဲ့သည့် ၁၀ နှစ်ကျော်မှစ၍ အသက် ၁၅ နှစ် နှင့်အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှုများပြားလာသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ ၁၅,၁၃၁ ဦး၊ သေဆုံးသူ ၆၈ ဦး၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားသူ ၅,၄၄၆ ဦး၊ သေဆုံးသူ ၃၆ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားသူ ၂၄,၉၇၁ ဦး ၊ သေဆုံးသူ ၉၇ ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် ၀ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နှစ်အလိုက်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း ၄၀၀ ခန့် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်းနှင့် ရောဂါဖြစ်ပွားမှုအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ တို့တွင် အများဆုံးဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here