ပုဂံရှိ ဗူးဘုရား မိုးကြိုးစက်ကွင်း ထိမှန်ကာ ပျက်စီးမှုအနည်းငယ်ရှိ

0
349

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားသည် ယမန်နေ့ ဇွန်လ (၆) ရက် ညပိုင်းက မိုးကြိုးစက်ကွင်းထိမှန်ခဲ့ပြီး စေတီတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည (၉) နာရီခွဲဝန်းကျင် အချိန်ခန့်က မိနစ် (၂၀) ခန့် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ဧရာဝတီမြစ်အတွင်းသို့ မိုးကြိုးပစ်မှု ဖြစ်ပွားခဲ့စဥ် ပုဂံမြို့ဟောင်း ဧရာဝတီမြစ် ကမ်းစပ်တွင် တည်ထားသည့် ဗူးဘုရားမိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနခွဲထံမှ သိရသည်။

မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် စေတီလုံးပတ်တွင် တစ်လက်မခွဲအရွယ် အပေါက်ရာ (၂) ခု ဖြစ်ပေါ်ခဲ့ပြီး ဇကောကွက်ကဲ့သို့ အရာထင်ခြင်း၊ ထီးတော် စိန်ဖူးတော်အောက်ခံ ကြာဖတ် ပဲ့သွားခြင်း၊ ငှက်ပျောဖူး ကြာဖတ်ထိပ်ပိုင်း (၆) လက်မခန့် ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်တွင် ချိပ်ဆွဲထားသော ကြေးခေါင်းလောင်းများမဲသွားခြင်းများ ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။

မိုးကြိုးစက်ကွင်းထိမှန်ခဲ့သော တစ်လက်မခွဲအပေါက်အနက် (၂) စင်တီမီတာ ခန့် မှာမိုးရေဝင်နိုင်သဖြင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် သြဝါဒစရိယ ဆရာတော်ထံသြဝါဒခံယူခြင်းနှင့် ရှေးဟောင်းသုတေသနရုံးချုပ်သို့တင်ပြခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့ ဇွန် (၇) ရက်နေ့တွင် စတင်ပြုပြင်မည်ဖြစ်ကာ (၇) ရက်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီ၊ ပုထိုး၊ အဆောက်အအုံ စုစုပေါင်း (၃၈၂၂) ရှိပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်မှစပြီး ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် စာရင်း၀င်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ပုံစာ – မိုးကြိုးစက်ကွင်း ထိမှန်ခဲ့သည့် ပုဂံ ဗူးဘုရား
Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here