မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းမှ လျှပ်စစ်ဓာတ်အားလိုင်းများအား ပြုပြင်ရာတွင် ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာလိုအပ်

0
158

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းမှ လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဓာတ်အားပေးတိုင်များနှင့် ထရန်စဖော်မာများအား ပြန်လည်ပြင်ဆင်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာလိုအပ်တော့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

ဇွန် (၆) ရက်မွန်းလွဲပိုင်းက ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးဆိုင်ရာပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေရာတွင် လက်ရှိအချိန်၌ (၉၆) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လျှပ်စစ်ဝန်ကြီးဌာနက 230 KV ဓာတ်အားလိုင်း ပြင်ဆင်နေမှုတွင် ၉၃ ရာခိုင်နှုန်းနှင့် 66 KV ပုဏ္ဏားကျွန်း – စစ်တွေလိုင်း ပြင်ဆင်မှုတွင် ၉၈ ရာခိုင်နှုန်းပြီးစီးပြီဟုလည်း သိရသည်။

ယနေ့ ဇွန် (၇) ရက်တွင် 230 KV လိုင်းနှင့်ဆက်စပ်၍ 66 KV လိုင်းမှ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်မည်ဖြစ်ကာ 11 KV လိုင်းဖြင့်လည်း စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ လျှပ်စစ်ဓာတ်အားစတင်ပေးနိုင်တော့မည်ဟုလည်း သိရသည်။

သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁၁) အရ ရခိုင်ပြည်နယ်ရှိ (၁၇) မြို့နယ်နှင့်ချင်းပြည်နယ်ရှိ မြို့နယ်မှ (၄) မြို့နယ်အား သဘာဝဘေးအန္တရာယ်ကျရောက်သော နယ်မြေများအဖြစ် သတ်မှတ်၍ အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ယင်းကဲ့သို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင်လည်း ကျောင်း၊ ဆေးရုံ စသည်ဖြင့် ဦးစားပေးအဆင့်အလိုက် အဆောက်အဦးများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကာ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားကြရမည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here