မြန်မာ-တရုတ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက် ၄ ချက်အား လက်မှတ်ရေးထိုး

0
135

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၃)နှစ်မြောက်နှစ်ပတ်လည်နေ့အား ဇွန် ၈ ရက်နေ့လည်ပိုင်းက နေပြည်တော် ၌ကျင်းပစဥ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက် ၄ ချက်အား လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်နိုင်ငံမှ မြန်မာသို့အကူအညီပေးသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးများအတွက် လွှဲပြောင်း/လက်ခံလွှာများကို ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်း သဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ(၆ ဒသမ ၉)သန်းတန်ဖိုးရှိ ကာကွယ်ဆေး(၃)သန်းနှင့်ဆေးထိုးအပ်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ထို့ပြင် ယွမ် ၇၁၇၂၀၀ တန်ဖိုးရှိသည့် အစိုးရနည်းပညာကောလိပ် (မန္တလေး)အတွက် အွန်လိုင်းဝန်ဆောင်မှုနှင့်ဆက်စပ်ပစ္စည်းများထောက်ပံ့သည့် စီမံကိန်းဆိုင်ရာသဘောတူညီချက်အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်နှင့်တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့ကလဲလှယ်ခဲ့ကြသည်။

အောင်ဆန်းအားကစားကွင်းပြန်လည်တည် ဆောက်ရန်ဆန်းစစ်လေ့လာမှုပြုလုပ်မည့် စီမံကိန်းဆိုင်ရာသဘောတူညီချက်ကိုလည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့်တရုတ်သံအမတ်ကြီးတို့က လဲလှယ်ခဲ့ကြကာ ယင်း သဘောတူညီချက်အရ တရုတ်နိုင်ငံမှမြန်မာနိုင်ငံအား ယွမ် ၂၀၀၀၀၀၀ ကို စီမံကိန်းအတွက်ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။

ထို့အတူ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာသဘောတူညီချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်နှင့်တရုတ်သံအမတ်ကြီးတို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။

အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံမှမြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာသုတေသန၊လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊အရည်အသွေးမြှင့်တင်ရေး၊သိပ္ပံနှင့်နည်းပညာ၊ကုန်သွယ်ရေးနှင့်ခရီးသွားလာရေးနယ်ပယ်များ၌ ဝန်ကြီးဌာန(၇)ခု က အကောင်အထည်ဖော်မည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း (၁၄)ခုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေဖြင့်လက်ခံရရှိခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း ၁၀၆ ခုအထိရှိပြီဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှထောက်ပံ့ပေးအပ်သည့် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေမှတဆင့် အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ သန်းခန့်တန်ဖိုးရှိ အကူ အညီများကို လက်ခံရရှိခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here