မြင်းခြံမြို့ရှိ “နီနီလွင်”ရွှေဆိုင်ကို သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ရာမှ ဆိုင်ရှင်ဖြစ်သူ သေဆုံး

0
259

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ “နီနီလွင်”ရွှေဆိုင်ကို ဇွန်လ ၈ ရက်၊ နေ့လည်ပိုင်းက သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ရာမှ ဆိုင်ရှင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်၊ နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိ အမျိုးသား (၄) ဦးသည် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် “နီနီလွင်”ရွှေဆိုင်သို့ ရောက်ရှိလာခဲ့ပြီး ဓားပြတိုက်ရန် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“စုံစမ်းရသလောက်ဆိုရင် ရွှေဆိုင်ကို လူ လေးယောက်ရောက်လာပြီး ဓားပြတိုက်ဖို့ လုပ်တဲ့အတွက် ဆိုင်ပိုင်ရှင်ကိုဇော်နိုင်ထွန်းက အတွင်းကနေ တံခါးကို သော့အမြန်ပိတ်လိုက်တယ်။ အဲဒီအချိန် တံခါးကြားကနေ သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားကြတယ်။ ရွှေနဲ့ငွေကြေးပျောက်ဆုံးမှုတော့မရှိပါဘူး။ လက်ရှိမှာ စုံစမ်းစစ်ဆေးတာတွေ ပိတ်ဆို့ရှာဖွေတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင် ကိုဇော်နိုင်ထွန်း(၅၁)နှစ်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းအား မြင်းခြံပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here