“မိုခါ”မုန်တိုင်းတိုက်ခတ်ခဲ့သည့် ရခိုင်ကမ်းရိုးတန်း၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်းကြောင့် မိုးသက်လေပြင်းများကျရောက်နိုင်

0
118

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းကြောင့် “မိုခါ”မုန်တိုင်းတိုက်ခတ်ခဲ့သည့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၌ ဇွန် ၁၀ ရက် (ယနေ့)နံနက်မှ ဇွန် ၁၁ ရက်အတွင်း မိုးသက်လေပြင်းများတိုက်ခတ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန် ၁၀ ရက်(ယနေ့)နံနက် ၄ နာရီခွဲ၌ တိုင်းထွာရရှိချက်များအား နံနက် ၆ နာရီကအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဇွန် ၁၀ ရက်(ယနေ့)နံနက်မှ ဇွန် ၁၁ ရက် (မနက်ဖြန်)အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်၍လှိုင်းကြီးမည်ဟု မိုးဇလကအသိပေးခဲ့သည်။

မိုးသက်လေပြင်းကျရောက်ချိန်၌ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်ခန့်အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၉)ပေမှ(၁၃)ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊စစ်ကိုင်းတိုင်း၊မန္တလေး တိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ် ၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာအ နှံ့အပြား မိုးသည်းထန်စွာရွာသွန်းပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊မြစ်ငယ်၊ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here