မုတ်သုံလေကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်ကာ လှိုင်းကြီးနိုင်၍ လိုအပ်ပါက သင်္ဘောများကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းရမည်

0
106

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းများချနေသည့်သင်္ဘောများအား မုတ်သုံလေကြောင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းရန် ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က မှာကြားခဲ့သည်။

ဇွန်လ ၉ ရက်မွန်းလွဲပိုင်းက စစ်တွေမြို့၊ ကုလားတန်ဘက်စုံသုံးဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့်
သင်္ဘောကြီးများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများချနေမှုနှင့် စစ်တွေကမ်းနားလမ်းတစ်လျှောက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် MCL-3၊ MCL-5 နှင့် CHARITES သင်္ဘောများပေါ်မှ အမိုးသွပ်၊သစ်ခွဲသား၊အုတ်နှင့်ဘိလပ်မြေများကို ကားများပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီးနောက် မုတ်သုံလေဝင်ရောက်မှုကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများတိုက်ခတ်ပြီး လှိုင်းကြီးနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထိုကြောင့် ရာသီဥတုအခြေအနေနှင့်မိုးလေဝသ သတိပေးချက်များကို အချိန်ပြည့်စောင့်ကြည့်၍ လိုအပ်ပါက သင်္ဘောများဘေးအန္တရာယ်ကင်းရှင်းစေရန် ဘေးလွတ်ရာနေရာများသို ရွှေ့ပြောင်းသွားရမည်ဟုလည်း ၎င်းကမှာကြားခဲ့သည်။

ထို့ပြင် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေစိုခံသည့်ပစ္စည်းများအား ဦးစားပေးတင်ဆောင်ရန်၊ ရေစိုမခံသည့်ပစ္စည်းများကို အမိုးအကာများဖုံးအုပ်၍ ပျက်စီးလေလွင့်မှုမရှိအောင် စနစ်တကျ ထားရှိရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဦးစားပေးဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့နောက် ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု၊ ရာသီဥတုအခြေအနေကြောင့် ဒီရေမြင့်တက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အဆောက်အဦးများ ပြန်လည်ပြုပြင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ယနေ့အထိ သစ်ခွဲသားနှင့်ခွဲစိတ်ပြီးသစ် ၁၃၆၉ တန်၊ ဖြန့်ခွဲပြီးသစ်ခွဲသား ၇၅၈ တန် ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here