မြန်မာ-ရုရှား ဦးဆောင်ကာ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေး ပြုလုပ်

0
149

မြန်မာနှင့်ရုရှားနိုင်ငံတို့ ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေးကို ဇွန်လ ၆ ရက်နှင့် ၇ ရက်များတွင် ရုရှားနိုင်ငံ၊ ခါဘရော့ဇ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ သုံးနှစ်တာလုပ်ငန်းစီမံချက်အရ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် မြန်မာနှင့်ရုရှားနိုင်ငံတို့မှ တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားပြီးနောက် အဖွဲဝင်နိုင်ငံများအကြား အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်များ၊ ဒေသတွင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှတာဝန်ရှိသူများက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်များဖြစ်သည့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေ၊ စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များနှင့် အထောက်အထားများ၊ NUG အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရသည့်အကြောင်းအရင်းများနှင့် နစက၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာတို့ဖြင့်ထုတ်ဝေထားသည့် စာစောင်၊ စာစောင်ပါ အကြောင်းအရာများပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာ အပါအဝင် ရုရှား၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊တရုတ်၊ထိုင်း၊လာအို၊အင်ဒိုနီးရှားနှင့်အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘရူနိုင်း၊ မလေးရှား၊စင်ကာပူ၊ထိုင်း၊ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here