ဂျပန် အပါအဝင် နိုင်ငံ (၄) နိုင်ငံက မြန်မာ့ကော်ဖီတင်သွင်းမှုအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေး

0
237

ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနိုင်ငံတို့က မြန်မာ့ကော်ဖီတင်သွင်းမှုအတွက် သွင်းကုန်ခွန်ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်းသတ်မှတ်ထားပြီး အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MTPO)က ပြောကြားသည်။

‘‘ဒီဈေးကွက်တွေက အနီးဆုံးမှာလည်းရှိတယ်။ ဥရောပအထိ သွားစရာမလိုဘူး။ အာရှတိုက်မှာတင် တိုးချဲ့နိုင်တာဖြစ်တဲ့အတွက် ဒါကို အဓိကထား တွန်းအားပေးပြီး ဆောင်ရွက်မှာဖြစ်ပါတယ်’’ဟု MTPO ညွှန်ကြားရေးမှူးက နိုင်ငံပိုင်မီဒီယာတွင် ဖြေကြားထားသည်။

လက်ရှိတွင် မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသရှိ နိုင်ငံပေါင်း (၁၄) နိုင်ငံကို တင်ပို့ရောင်းချနေပြီး ဈေးကွက်သစ်များ ထပ်မံရှာဖွေကာ တိုးမြှင့်တင်ပို့ကြရန် စီးပွား/ကူးသန်းဝန်ကြီးက တိုက်တွန်းထားသည်။

မြန်မာ့ကော်ဖီကို ပင်လယ်ရေကြောင်းမှ အမေရိကန် ၊ ကနေဒါ ၊ အီးယူ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံသို့ တင်ပို့နေပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ ရောင်းချနေကြောင်း ၊ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကော်ဖီစိုက်ဧက ငါးသောင်းခန့်ရှိပြီး အထူးတန်းဝင် အမျိုးအစား (ကော်ဖီစေ့) တစ်တန်ပေါက်ဈေး ကန်ဒေါ်လာ (၇၅၀၀) ခန့်ရှိကာ ပုံမှန်ဈေးကွက်ဝင် ကော်ဖီအမျိုးအစားသည် တစ်တန်ကို ကန်ဒေါ်လာ (၃၀၀၀) မှ (၄၅၀၀) ကြား ဈေးရရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here