တန်ပြန်ထိုးစစ် နှင့် ခံစစ်ဆိုင်ရာ စစ်ဆင်ရေးများ စတင်နေပြီဖြစ်ကြောင်း ဇလန်းစကီးဆို

0
130

ယူကရိန်းတို့ဖက်မှ ပြောဆိုခဲ့သည်မှာကြာနေပြီဖြစ်သော နယ်မြေပြန်လည်သိမ်းယူရေးစစ်ဆင်ရေးများမှာ ယခုအချိန်အထိ စီစဉ်နေဆဲဟု ထင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပြီးနောက် တစ်ရက်အကြာဖြစ်သည့် စနေနေ့တွင် ၎င်း၏စစ်တပ်သည် “တန်ပြန်ထိုးစစ်နှင့် ခံစစ်စစ်ဆင်ရေးများ” စတင်နေပြီဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇလန်းစကီးက တုန့်ပြန်ပြောဆိုခဲ့သည်။

သို့သော် ယူကရိန်းခေါင်းဆောင်က အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘဲ ယင်းတန်ပြန်စစ်ဆင်ရေးများနှင့်ပတ်သက်သည့် ယူကရိန်းဗိုလ်ချုပ်ကြီးများ၏ အောင်မြင်မှုဆိုင်ရာ အပြုသဘောဆောင်သည့် သတင်းများအား ပူတင်ထံသို့ အရောက်ပေးပို့ကြရန် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် တန်ပြန်ထိုးစစ်ကို စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း တိုးတက်မှုမရှိကြောင်း သောကြာနေ့က ပူတင်၏မှတ်ချက်များနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းသောအခါတွင်မူ ဇလန်းစကီးက သတင်းထောက်များအား ပခုံးတွန့်ပြခဲ့သည်။

“ယူကရိန်းဖက်က တန်ပြန်ထိုးစစ်နဲ့ ခံစစ်လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေပေမယ့် ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကိုတော့ ကျွန်တော်အတိအကျ မပြောနိုင်ပါဘူး” ဟုလည်းဇလန်းစကီးက ပြောကြားခဲ့သည်။

“သူတို့ (ဗိုလ်ချုပ်ကြီး) တွေအားလုံးက ဒီစစ်ဆင်ရေးတွေပတ်သက်လို့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေ ရှိနေပါတယ်။ အဲဒီအကြောင်းကို ပူတင်ဆီ အရောက်ပို့ပေးပါ” ဟု ဇလန်းစကီးက အပြုံးဖြင့် ပြောကြားခဲ့သည်။

“တန်ပြန်ထိုးစစ်နဲ့ ပတ်သက်ပြီး ပူတင်ရဲ့ မှတ်ချက်တွေဟာ စိတ်ဝင်စားစရာပါပဲ… ရုရှားက ဒါကို အမြဲတမ်း ခံစားနေဖို့ အရေးကြီးပါတယ်။ ကျွန်တော့်အမြင်အရတော့ သူတို့ ဆုတ်ခွာကြဖို့ အချိန်မကြာတော့ပါဘူး”ဟုလည်း ဇလန်းစကီးကဖြည့်စွက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here