တာချီလိတ်တွင် လမ်းပြင်နေသည့် မြောင်းထဲသို့ မိနစ်ပိုင်းခြားကာ အိမ်စီးကား (၂) စီးထိုးကျမီးလောင်မှုဖြစ်

0
222

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းပြင်နေသည့် မြောင်းအတွင်းသို့ မိနစ်ပိုင်းသာခြား၍ အိမ်စီးကား (၂) စီးထိုးကျခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ ဇွန် (၁၀) ရက် ညပိုင်းက ည (၁၁) နာရီကျော်ခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဟုန်းပန်းကွင်းအတွင်း လမ်းပြင်နေသည့်မြောင်းအတွင်းသို့ အမျိုးသမီး (၁) ဦးမောင်းနှင်လာသည့် Honda Fit ကားတစ်စီးထိုးကျသွားခဲ့သဖြင့် အခင်းဖြစ်နေရာအနီးနေသူများက ကားမောင်းလာသူ အမျိုးသမီးအား ကားအတွင်းမှ ဆွဲထုတ်ပေးခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်မောင်းအမျိုးသမီးအား ကူညီကယ်ဆယ်ပေးနေစဉ် အရှိန်ဖြင့်မောင်းနှင်လာသည့် Crown ကားတစ်စီးမှာ မြောင်းအတွင်း ထပ်မံထိုးကျသွားခဲ့ကြောင်း သိရသည်။

“ကားမောင်းတဲ့ အမျိုးသမီးကို ဆွဲထုတ်နေတုန်း နောက်ထပ် Crown ကားတစ်စီးက အရှိန်နဲ့မောင်းလာပြီး မြောင်းထဲ ထပ်ပြုတ်ကျသွားတာ။ သူ့ကို တားသေးတယ် မရတော့ဘူး။ အဲဒီမြောင်းကို ကာထားတဲ့ မြေစာပုံတွေကို အဲဒီနေ့ မနက်ကမှ မြောင်းထဲကို ကွန်ကရစ်လောင်းဖို့အတွက်ဖယ်လိုက်ပြီး ဝါးတွေနဲ့ကာလိုက်တာ”ဟု ဖြစ်စဥ်အားကူညီပေးခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

အိမ်စီးကား (၂) စီးသည် မြောင်းထဲသို့ ပြုတ်ကျပြီးနောက် မီးလောင်ကျွမ်းခဲ့သည့်အတွက် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြပြီး Crown ကားမောင်းနှင်လာသည့် အမျိုးသားတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Honda Fit ယာဉ်‌မောင်း အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here