နောက် (၁၀) ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ထပ်ဖြစ်နိုင် ၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၁) ခု၌ (၁၀) ရက်လုံးမိုးရွာနိုင်

0
190

ဇွန်လ၏ ဒုတိယ (၁၀) ရက်တာအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ (၁၁) ရက် နံနက်ပိုင်းက ထုတ်ပြန်သော ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်တွင် ထည့်သွင်းသတိပေးထားခြင်း ဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီတို့တွင် အနောက်တောင် မုတ်သုန်လေ အားကောင်းနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် (၇)ရက် မှ (၁၀) ရက်အထိ မိုးရွာနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ တိုင်းနှင့် ပြည်နယ်အချို့မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

ထို့အပြင် မိုးရွားသွန်းမှုအခြေအနေ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် မိုးပိုရွာသွန်းနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်‌ကြောင်းလည်း မိုးဇလက အသိပေးထားသည်။

ထို့အပြင် ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အားအလွန်ကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့ ဇွန်လ (၁၁) ရက် နံနက် (၅) နာရီခွဲအချိန်တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားပြီဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here