စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ထပ်မံ ကျဆင်းလာပြီး တစ်ပိဿာ ကျပ် ၃၇၅၀ သတ်မှတ်ထား

0
201

ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၇၅၀ သတ်မှတ်ထားပြီး ယခင်ရက်သတ္တပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၀ ကျဆင်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ယခုတစ်ပါတ်အတွက် အခြေခံလက်ကားရည်ညွှန်းဈေးကို ဇွန်လ ၁၂ ရက်မှ ၁၈ ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ၁ ပိဿာလျှင် ကျပ် ၃၇၈၀ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရည်ညွှန်းဈေးနှုန်း လျှော့ချသတ်မှတ်ပေးလျက်ရှိသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ ၇၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးငြိမ်နေကြောင်းလည်း သိရသည်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် (၁၀) သိန်းကျော်အထိရှိ၍ နှစ်စဉ်တန်ချိန် (၆) သိန်းမှ (၇) သိန်းကြားကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိက တင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here