ရေကာတာ ကျိုးပေါက်၍ ရေခန်းသွားသော ယူကရိန်း ရေလှောင်ကန်၌ ဒုတိယကမ္ဘာစစ်မှ စစ်သားများ၏ အရိုးခေါင်းများ တွေ့ရှိ

0
226

မကြာသေးမီကမှ ဗုံးခွဲခံရပြီး ကျိုးပေါက်သွားသော ယူကရိန်းရှိ ရေလှောင်ကန်တွင် ရေများ ကုန်ခန်းသွားပြီးနောက် လူ့အရိုးခေါင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

နိုဗာ ခါခေါ့ဖ်ကာ ရေလှောင်ကန်သည် ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တွင် ကျိုးပေါက်သွားပြီး ထိုထဲမှ ပွင့်အံထွက်လာသော ရေပမာဏသည် ထောင်နှင့်ချီသော နေအိမ်များကို ရေလွှမ်းမိုးစေခဲ့ကာ အနည်းဆုံး လူ ၁၄ ဦးအား အသက်ဆုံးရှုံးစေခဲ့သည်။ ထိုလုပ်ရပ်အတွက် လက်သည် မပေါ်လာသလို ယူကရိန်းနှင့် ရုရှားသည်လည်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် အပြစ်ပုံချလျက်ရှိသည်။

ရေလှောင်ကန်ရှိ ရေပမာဏ ၇၂ ရာခိုင်နှုန်းက ဒနီပရိုမြစ်ထဲ စီးဆင်းသွားသဖြင့် ကမ်းရိုးနိမ့်များနှင့်အတူ လူ့အရိုးခေါင်းများပါ တစ်ပါတည်း ပြန်ပေါ်လာခဲ့သည်။ ထိုထဲမှ အရိုးခေါင်းတစ်ခုသည် ဒုတိယကမ္ဘာစစ်သုံး ဂျာမန်စစ်ဦးထုပ်ကို ဝတ်ဆင်ထားပြီး အချို့ အရိုးခေါင်းများမှာမူ ဆိုဗီယက် စစ်ဦးထုပ်များအား ဆောင်းထားသည်ကို တွေ့ရသည်။

နိုဗာ ခါခေါ့ဖ်ကာ ရေလှောင်ကန်ပါရှိသော ဆိုဗီယက်ခေတ် ယူကရိန်းနယ်မြေသည် ၁၉၄၃ ခုနှစ်တွင် နာဇီလက်မှ လွတ်မြောက်လာခဲ့သည်။ ထိုသို့ လွတ်မြောက်စေခဲ့သည့် ယူကရိန်းနယ်မြေရှိ ဒနီပရို တိုက်ပွဲသည် ၁၉၄၃ ခုနှစ်တွင် စတင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်၏ အကြီးမားဆုံး စစ်ဆင်ရေးများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

သမိုင်းပညာရှင်များကမူ ထိုအရိုးခေါင်းများထဲမှ အချို့သည် အထက်ပါ တိုက်ပွဲအတွင်း ကျရှုံးခဲ့သော စစ်သားများ၏ အရိုးခေါင်းများဖြစ်နိုင်ကြောင်း ပြောထားသည်။ ယူကရိန်းရှိ ဂျာမန်စစ်တပ်၏ အမွေအနှစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အိုလက်စီး ကိုကော့ ကလည်း တိုက်ပွဲပြီးနောက် ဆိုဗီယက်စစ်သားများအား မြေမြှုပ်သင်္ဂြိုလ် ပေးခဲ့သော်လည်း ဂျာမန်စစ်သားများကိုမူ စစ်မြေပြင်၌ သေဆုံးနေသည့် အတိုင်း ပစ်ထားခဲ့သဖြင့် ထိုအရိုးခေါင်းများသည် ဂျာမန်စစ်သားများဖြစ်နိုင်ကြောင်း ပြောလာသည်။

ဂျာမန်စစ်သားများ၏ အရိုးခေါင်းများအား ဂျာမန်စစ်သင်္ချိုင်းကော်မရှင်က ပြန်လည်သိမ်းယူရမည် ဖြစ်သော်လည်း လက်ရှိ အရေးအခင်း ပြီးဆုံးသည့်အချိန်အထိ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

Source:Metro


LEAVE A REPLY

Please enter your comment!
Please enter your name here