၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အကျဉ်းသား၊အကျဉ်းသူများ ပညာသင်ကြားခွင့်ဆက်လက်ရရှိရန် စဉ်ဆက်မပြတ်တိုက်တွန်းသွားမည်

0
207

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်အသီးသီးမှ ဝင်ရောက်ဖြေဆိုခဲ့သည့် အကျဥ်းသား၊အကျဥ်းသူများအနက် အကျဥ်းသား၊အကျဥ်းသူ ၄၄ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၁၀ ဦး၊မန္တလေးဗဟိုအကျဉ်းထောင်မှ ၂၉ ဦးနှင့်အခြားသောတိုင်းနှင့်ပြည်နယ်များရှိ အကျဉ်းထောင် ၆ ခုမှ ၅ ဦး(စုစုပေါင်း ၄၄ ဦး)ရှိကာ ၅ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦးတို့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အကျဉ်းသားအားလုံး၏အောင်မြင်မှုမှာ ၉၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိ၍ ၎င်းတို့၏ ပညာသင်ကြားခွင့်ဆက်လက်ရရှိရန် စဉ်ဆက်မပြတ်တိုက်တွန်းသွားမည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဇွန် ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊မေလအတွင်း အကျဉ်းထောင် ၅၄ ခု၊အကျဉ်းစခန်း ၃၈ ခု၊ဘိုးဘွားရိပ်သာမသန်စွမ်းကျောင်းနှင့်လူငယ်သင်တန်းကျောင်း ၂၆ ခုတို့အား ကော်မရှင်ဥပဒေပါတာဝန်နှင့်လုပ်ပိုင်ခွင့်နှင့်အညီပုဒ်မ ၄၃ နှင့် ၄၄ တို့အရ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် အကျဉ်းထောင်၊အကျဉ်းစခန်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် အကျဉ်းသား၊အကျဉ်းသူများမှ ပညာဆက်လက်သင်ယူလိုကြောင်းတင်ပြသည့် အကျဉ်းသား/သူ များကို ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၆ တွင် “လူတိုင်းပညာသင်ကြားခွင့်ရှိသည်” ဟူသောပြဋ္ဌာန်းချက်အတိုင်း ပညာဆက်လက် သင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ စိစစ်ဆောင်ရွက်ပေးနိုင်ရန် အကြံပြုတိုက်တွန်းချက်များပေးပို့ခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here