မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်မှု ၉၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်

0
335

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာအမြင့်ဆုံး ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေမှုမှာ ၉၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မာရဝိဇရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပြီးစီးမှုအခြေအနေများအား နစက ဥက္ကဋ္ဌမှ ဇွန် (၁၅) ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးကံမြင့်သန်း၊စစ်ထောက်ချုပ် ဒု-ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။

နစက ဥက္ကဋ္ဌသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်ပြီးစီးမှု၊ တံခွန်တိုင် တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်များတည်ဆောက်ပြီးစီးမှု၊မဟာဗောဓိ ညောင်ပင်ရှင်သန်ဖြစ်ထွန်းမှု၊ သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များတည်ဆောက်ပြီးစီးမှု၊ ရေပန်းရင်ပြင်တည်ဆောက်ပြီးစီးမှု၊ ကျောက်စာရုံစေတီတော်များ တည်ဆောက်ပြီးစီးမှု၊ နဂါးရုံဘုရားနှင့် မုစလိန္ဒအိုင်တည်ဆောက်ပြီးစီးမှုနှင့်အပင်များရှင်သန်ဖြစ်ထွန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ဇန်နဝါရီ (၂၆) ရက်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့် ဆောင်ကာ ဇန်နဝါရီ (၃၁) ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် အဖိုးတန်ကျောက်မျက် ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်းအား ဇန်နဝါရီ (၂၇) ရက်နှင့် ဖေဖော်ဝါရီ (၁၀) ရက်တို့တွင်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ (၁၁) ရက်တွင် ဆင်းတုတော်အပိုင်း (၄) အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ပြီး လက်ရှိအချိန်၌ မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးထုဆစ်မှုမှာ ၉၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၊အခြားသာသနိကအဆောက်အဦးများ၊ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်ကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များတည်ထားနေမှုနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုတို့မှာလည်း ၈၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here