စနေဂြိုဟ်၏ လ တစ်စင်းပေါ်တွင် အသက်ဇီဝ၏ အခြေခံ ဒြပ်စင်ရှာဖွေတွေ့ရှိ

0
116

NASA ၏ Cassini အာကာသယာဉ်သည် စနေဂြိုဟ်၏ လတစ်စင်းဖြစ်သော Enceladus လ ပေါ်ရှိ သမုဒ္ဒရာအတွင်းတွင် ဖော့စဖိတ်ဒြပ်စင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Nature ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုတစ်ခုအရ သိရသည်။ Cassini အာကာသယာဉ် စနေဂြိုဟ်ပေါ်သို့ ပျက်ကျခဲ့ကာ ၎င်း၏ အထင်ကရ မစ်ရှင်ကို အဆုံးသတ်ပြီး ခြောက်နှစ်နီးပါးအကြာတွင် ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

Cassini အာကာသယာဉ်သည် စနေဂြိုဟ်နှင့် ၎င်း၏ ကွင်းများနှင့် လများကို ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း စူးစမ်းလေ့လာခဲ့သည်။

ထို ၁၃ နှစ်တာကာလအတွင်း Cassini အာကာသယာဉ်တွင်ပါရှိသော cosmic-dust analyzer သည် Enceladus လပေါ်ရှိ ရေခဲ အက်ကွဲကြောင်းများမှ ထွက်လာသည့် ရေခဲတုံးငယ်များနှင့် ရေငွေ့နမူနာများကို ရယူခဲ့သည်။ ယင်းတို့ကို ခွဲခြမ်းစိတ်ဖြာသုတေသနပြုရာမှ ဆိုဒီယမ် ဖော့စဖိတ် ပါဝင်မှု နှင့် ဖော့စဖရပ် ပြင်းအားသည် ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများတွင် ပါဝင်နေမှုထက် အဆ ၁၀၀ ပိုများကြောင်း သိရှိရခြင်းဖြစ်သည်။

ဖော့စဖိတ်သည် အသက်ဇီဝကိုဖြစ်စေသော ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ဆာလဖာတို့ထက်ပင် ပိုမိုရှားပါးသော ဒြပ်စင်ဖြစ်သည်။ ၎င်းသည် သက်ရှိ ဆဲလ်အမြှေးပါးများနှင့် DNA နှင့် RNA တို့တွင်လည်း အဓိကပါဝင်ပစ္စည်းဖြစ်သည်။

“ဒီအဓိကပါဝင်ပစ္စည်းဟာ Enceladus ရဲ့ သမုဒ္ဒရာထဲက သက်ရှိတွေကို ထောက်ပံ့ပေးဖို့ လုံလောက်ပါတယ်” ဟု Southwest Research Institute မှ ဂြိုဟ်နက္ခတ်ဆိုင်ရာ သိပ္ပံပညာရှင် ဒေါက်တာ Christopher Glein က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဒါဟာ နက္ခတ်ပညာအတွက် အံ့မခန်းရှာဖွေတွေ့ရှိမှုပါပဲ။”

“Enceladus လပေါ်က သမုဒ္ဒရာထဲမှာ ဒီအရေးပါတဲ့ ဒြပ်စင်ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်” ဟု ဘာလင်မြို့ Free University မှ ဂြိုဟ်နက္ခတ်ဆိုင်ရာ သိပ္ပံပညာရှင် ဖရန့်ပို့စ်ဘာ့ဂ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here