ဇွန်လ (၁၉) ရက်နှင့် (၂၀) ရက် ဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်သည့် အလားအလာရှိကြောင်း မိုးဇလတာဝန်ရှိသူပြော

0
156

လာမည့် ဇွန်လ (၁၉) ရက်နှင့် (၂၀) အနီးဝန်ကျင်ရက်များတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်သည့် အလားအလာရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပေါ်ပြူလာနယူး (စ်) သို့ ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ကြောင်း မိုးဇလက ခန့် မှန်းထားသည့်အပေါ် ပေါ်ပြူလာနယူး(စ်) ထပ်ဆင့်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအနေအထားအရဆိုရင်တော့ အလွန်ဆုံး လာမယ့် ၁၉ /၂၀(ရက်) လောက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒီကာလတွေမှာဖြစ်တဲ့ လေဖိ အားနည်းရပ်ဝန်းတွေက မုတ်သုံကိုပဲ အားကောင်းစေပါတယ်” ဟု ဦးလှထွန်းက ပြောသည်။

ယင်းကဲ့သို့ လေဖိအားနည်းရပ်ဝန်းဖြစ်ပွားကာ မုတ်သုန်လေအားကောင်းနိုင်သော်လည်း မုန်တိုင်း ဖြစ်ပွားနိုင်သည့်အခြေအနေမရှိသေးကြောင်းလည်း ၎င်းကဆိုသည်။

ယနေ့ ဇွန်လ (၁၆ ) ရက်၊ ညနေ (၄) နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကယားပြည်နယ်တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထား သည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်းနှင့် ဇွန်လ ၁၇၊ ၁၈ ရက်များတွင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here