ဂယက်ထနေသည့် ရွှေဈေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေလုပ်ငန်းရှင်များအား သက်ဆိုင်ရာက ခေါ်ယူတွေ့ဆုံ

0
115

လက်ရှိ ဈေးကွက်အတွင်း မြင့်တက်နေသည့် ရွှေဈေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံကာ ဆွေးနွေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

“ ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံတယ်ဆိုတာ မှန်ပါတယ်။ဒါကလည်း မြင့်နေတဲ့ ရွှေဈေးနှုန်းကို ဘယ်လိုထိန်းမလဲဆိုတာကို ညှိနှိုင်းတာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေကာ ဈေးဆွဲတင်ရန်အတွက် ကောလာဟလသတင်းဖြန့်မှုများနေသည့်အချိန်တွင် သက်ဆိုင်ရာက ရန်ကုန်နှင့် မန္တလေးမှ ရွှေလုပ်ငန်းရှင်အချို့ကို ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့များအနေဖြင့် မြေပြင်တွင် လိုက်လံစစ်ဆေးမှုများလည်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျင် (၃၁) သိန်းကျပ်အထက် ဈေးပေါက်နေပြီး ရက်ပိုင်းအတွင်း ၇၀၀၀၀ ကျပ် ဝန်းကျင် ဈေးမြင့်လာကြောင်း ပြည်တွင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ မတည်မငြိမ်ဖြစ်ပေါ်နေသည့် ‌ရွှေဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးအတွက်ဟုဆိုကာ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းအခေါက်ရွှေတုံးများကို တစ်ကျပ်သားလျင် ကျပ် ၃၀၅၀၀၀၀ (သိန်းသုံးဆယ်ငါးသောင်း) ဈေးဖြင့် ယနေ့ ဇွန်လ (၁၆) ရက် နေ့လယ်ပိုင်းက စတင်ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here