နိုင်ငံအတွင်း နေထိုင်သူ မည်သူမဆို အကောင်းအဆိုး မှန်သမျှကို အားလုံးဝေမျှခံစားရမည်ဟု နစက ဒု – ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြော

0
143

နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရှိသူ မည်သူမဆို နိုင်ငံတော်၏ အကောင်းအဆိုးမှန်သမျှကို အားလုံးဝေမျှခံစားရမည်ဖြစ်ကာ မိုခါမုန်တိုင်းအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း တက်ညီလက်ညီဖြင့် ဝိုင်းဝန်းဆောင်ရွက်ရမည်ဟု နစက ဒု – ဥက္ကဋ္ဌ က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသည့် နစက ဒု – ဥက္ကဋ္ဌ၊ ဒု – ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဇွန် (၁၅) ရက် နံနက်ပိုင်းက သက္ကယ်ပြင် IDPCamp သို့ သွားရောက်၍ Camp တွင် နေထိုင်သူများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်စဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက ဒု-ဥက္ကဋ္ဌမှ IPD Camp တွင် နေထိုင်သူများအတွက် စားသောက်ဖွယ်ရာများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်များနှင့် တာပေါ် လင်လိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အနှံ့ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့်အတွက် လိုအပ်ချက်များရှိနေနိုင်သော်လည်း ဖြည့်ဆည်းနိုင်ရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့အပြင် IPD Camp တွင် နေထိုင်သူများအား “အခြေခံဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားပေမယ့် မည်သည့်ဘာသာကိုးကွယ်သည်ဖြစ်စေ အစွန်းမရောက်အောင် ထိန်းသိမ်းဖို့လိုပါတယ် “ဟု နစက ဒု-ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဒု-ဥက္ကဋ္ဌသည် စစ်တွေမြို့၊ မေယုလမ်းနှင့် ချင်းပျံလမ်းထောင့်ရှိ ရှင်မာကုကာသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့လည်း သွားရောက်ကာ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဘုရားကျောင်းပြန်လည်ပြုပြင်မွမ်းမံနေမှုကိုကြည့်ရှု၍ ခရစ်ယာန်ဘာသာရေးအဖွဲ့များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here