ဆိုက်ကလုန်းဘီပါဂျွိုင်အပြီး အိန္ဒိယနှင့်ပါကစ္စတန်၌ မိုးသက်လေပြင်းများကျရောက်၊ ဂူဂျာရတ်တွင် လူနှစ်ဦးသေဆုံး

0
125

အမဒါဘတ်ထ်၊ကရာချီ၊ဇွန် ၁၆

ဆိုက်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်သည် အိန္ဒိယကမ်းရိုးတန်းသို့ ခန့်မှန်းထားသည်ထက် အားလျော့ပြီးဝင်ရောက်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပြီး ဓာတ်အားပေးတိုင်များကျိုးကျကာ သစ်ပင်များလဲအမြစ်မှကျွတ်ထွက်သွားခဲ့ကြောင်းသိရှိရသည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်းဂူဂျာရတ်ပြည်နယ်တွင် ဆိုက်ကလုန်းမုန်တိုင်းမဝင်မီ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံးလူနှစ်ဦးသေဆုံးခဲ့သည်ဟုလည်းသိရသည်။

အဆိုပါမုန်တိုင်းမဝင်မီကပင် အာဏာပိုင်များကအချိန်ယူပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး အိန္ဒိယ၊ပါကစ္စတန်နှစ်နိုင်ငံပေါင်း လူပေါင်း ၁၈၀,၀၀၀ ကျော်အားဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရသည်ဟုလည်းဆိုသည်။

မုန်တိုင်းကြောင့်ဂူဂျာရတ်ပြည်နယ်ရှိဆိပ်ကမ်းတစ်ခု၌လည်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး အိန္ဒိယမိုးလေဝသဌာန၏ခန့်မှန်းချက်အရ ဘီပါဂျွိုင်သည် သောကြာနေ့ညနေခန့်တွင် အားလျော့သွားနိုင်သည်ဟုသိရသည်။

ဂူဂျာရတ်ပြည်နယ်၌သေဆုံးသွားသူနှစ်ဦးသည် ဆိတ်ကျောင်းသားများဖြစ်ကြပြီး မိုးသက်လေပြင်းကျလာစဉ် ဆိတ်များကိုကယ်ရန်ကြိုးစားရာမှ ရေစီးနှင့်မျောပါသေဆုံးသွားကြခြင်းဖြစ်ကြောင်းသိရသည်။

မုန်တိုင်းကြောင့်အိန္ဒိယနိုင်ငံတစ်ဝန်းလျှပ်စစ်ဓာတ်အားပြတ်တောက်မှုများလည်းဖြစ်ပေါ်ခဲ့သည်။အိမ်နီးချင်းပါကစ္စတန်နိုင်ငံ၌မူ မုန်တိုင်းကြောင့်ဆိုးဆိုးရွားရွားထိခိုက်မှုမျိုးမရှိခဲ့ကြောင်း ဖော်ပြထားသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here