စော်ဘွားကြီးကုန်းပွဲရုံအတွင်း မီးလောင်မှုဖြစ်ပွားကာ CB Bank အပါအဝင် ဆိုင် (၅) ဆိုင်ပျက်စီး

0
121

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ စော်ဘွားကြီးကုန်းပွဲရုံဝင်းအတွင်း၌ ဇွန်လ ၁၆ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားကာ CB Bank အပါအဝင် ဆိုင် (၅) ဆိုင်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ သိရသည်။

ယမန်နေ့ ည ၁၀ နာရီခန့်က စော်ဘွားကြီးကုန်းပွဲရုံဝင်းအတွင်း၌ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားပြီး ည ၁၁ နာရီ၊ ၃၃ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

” CB ဘဏ်အပါအဝင် ဆိုင် (၅) ဆိုင် မီးလောင်ပျက်စီးသွားတယ်။ ဝါယာရှော့ဖြစ်ပြီးလောင်တယ်လို့သိရပါတယ်။တခြားထိခိုက်တဲ့လူမရှိပေမယ့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၄ ယောက် မီးခိုးမွှန်သွားတာကို မြေပြင်ကုသပေးပြီး အင်းစိန်ဆေးရုံပို့ပေးခဲ့ပါတယ် “ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ စော်ဘွားကြီးကုန်း‌‌ဝင်းထဲမှာလောင်တာ CB ဘဏ်လည်းပါတယ်။ မီးလောင်မှုဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးနေတုန်းပဲရှိပါသေးတယ်”ဟု အင်းစိန်မြိုနယ် မီးသတ်တပ်ဖွဲမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သိုပြောသည်။

မီးလောင်ကျွမ်းမှုအား အင်အားအများအပြားဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် စတင်လောင်ကျွမ်းခဲ့သည့်အချိန်မှစ၍ တစ်နာရီခွဲကျော်ခန့်အကြာတွင် အလုံးစုံငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here