အင်ဒိုနီးရှားအစိုးရက မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်မည်

0
87

အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်၊ မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အမေရိကန်ဒေါ် လာ (၅) သိန်းကျော်တန်ဖိုးရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အကူအညီများ ပေးအပ်မည့် အစီအစဉ်ကို ဇွန်လ ၁၄ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ လူသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Muhadjir Effendy က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပေးပိုမည့် အကူအညီများအနက် အိမ်ယာအဆောက်အဦးများ ပြန်လည်တည်ဆောက်နိုင်ရန် အသုံးပြုမည့်ပစ္စည်းများ၊ အစားအစာ၊ အာဟာရဖြစ်စေမည့်ပစ္စည်းများ၊ သောက်ရေသန့်၊ ကူးစက်ရောဂါတုံ့ပြန်ရေးပစ္စည်းများနှင့် ဆေးဝါးများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အင်ဒိုနီးရှားသမ္မတက မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေပေးဖို့ တိုက်ရိုက်ညွှန်ကြားခဲ့ပြီးနောက် သဘာဝဘေးဒဏ်ခံရတဲ့ မြန်မာပြည်သူတွေအတွက် အကူအညီတွေ ပေးအပ်သွားမှာပါ” ဟု ဝန်ကြီး Muhadjir Effendy က ပြောကြားသည်။

အင်ဒိုနီးရှားအစိုးရသည် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပစ္စည်းများအား ဇွန်လ ၂၆ ရက်တွင် ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားက မြန်မာနိုင်ငံသို့ ပေးပို့ကူညီမည့် ပစ္စည်းတန်ဖိုးသည် အင်ဒိုနီးရှား ရူပီး (၇) ဘီလျံ (သို့မဟုတ်) အမေရိကန်ဒေါ် လာ (၅) သိန်းကျော်တန်ဖိုးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အာဆီယံအဖွဲ့၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံအစိုးရတို့က လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပေးအပ်ကူညီပေးခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here