စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကို Recycle အဖြစ် ပြန်လည်ထုတ်လုပ်သူများ လိုင်စင် လျှောက်ထားပြီးမှသာ ခွင့်ပြုမည်

0
176

စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကို Recycle ပစ္စည်းအဖြစ် ပြုပြင်ထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် စွန့်ပစ်ခြင်းပြုသည့် လုပ်ငန်းလိုင်စင်နှင့် စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလိုင်စင် လျှောက်ထားပြီးမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ပပစိုးက ပြောကြားသည်။

ယင်းပြောကြားချက်ကို ဇွန်လ ၁၆ ရက်က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌ ပြုလုပ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများအတွက် အသိပညာပေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းလိုင်စင်နှစ်ခုကို လက်ရှိတွင် လျှပ်စစ်ပစ္စည်းမှ စွန့်ပစ်ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်း၊ အိမ်သုံးစွန့်ပစ်ပစ္စည်း စသည်တို့ကို Recycle အဖြစ် လုပ်ကိုင်သူများအနေဖြင့် လျှောက်ထားရန် မလိုအပ်သေးကြောင်း သိရသည်။

“ဓာတုပစ္စည်းမသုံးတဲ့ စက်ရုံ၊အလုပ်ရုံဆိုတာ မရှိသလောက်ရှားတဲ့အတွက် ဓာတုပစ္စည်းတွေကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျတရားဝင်သုံးစွဲနိုင်အောင်နဲ့ လုပ်ငန်းလုပ်ကိုင်တဲ့အခါ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်တွေ ရှိခြင်းအားဖြင့် ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ခြင်း၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေဟာ လုပ်ငန်းလိုင်စင်ယူရပါတယ်။ ဥပဒေအရ လုပ်ငန်း ၁၂ မျိုးအနက် ၁၁ မျိုးသာ လိုင်စင်လုပ်ပေးခဲ့ပြီး နောက်ဆုံးကျန်တဲ့ စွန့်ပစ်ခြင်းပြုသည့် လုပ်ငန်းလိုင်စင်က စွန့်ပစ်ပစ္စည်းနဲ့ ပတ်သက်တဲ့လုပ်ငန်းလုပ်သူတွေ ယူရမှာပါ။ အဲဒီထဲမှာ E Waste နဲ့ စွန့်ပစ်ပစ္စည်းတွေကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်တဲ့အခါ စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလိုင်စင် လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုင်စင်ရှိမှသာ ပစ္စည်းတွေကို သယ်ခွင့်ရှိမှာဖြစ်ပါတယ်” ဟု ဒေါက်တာခင်ပပစိုးက ပြောကြားသည်။

အဆိုပါ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကို သယ်ယူခွင့်လိုင်စင်လျှောက်ထားရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးမှုခံယူထားပြီး ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)မှ ခွင့်ပြုထားသည့် မော်တော်ယာဉ်များဖြင့်သာ သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါလုပ်ငန်းလိုင်စင်နှစ်ခုနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်ထားပြီး နိုင်ငံတကာမှ ထုတ်ပြန်ထားသည့် အချက်အလက်နှင့် နည်းစနစ်များကို လေ့လာ၍ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် စည်းကမ်းသတ်မှတ်ချက်များ ရရှိရေးကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here