အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ အပူချိန်စံချိန်တင်မြင့်တက်၊အသက် ၆၀ ကျော်များ အိမ်တွင်း၌သာနေရန်အကြံပြုထား

0
161

လက်ခ်နောင်း၊ဇွန် ၁၇

အိန္ဒိယမြောက်ပိုင်းပြည်နယ်အူတရာပရာဒက်ရှ်၌ ပြင်းထန်သောအပူဒဏ်ကြောင့် လွန်ခဲ့သည့်နှစ်ရက်အတွင်း လူ ၃၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ပြီး ဆရာဝန်များကမူ အသက် ၆၀ အထက်နိုင်ငံသားများအား နေ့ဘက်တွင်အိမ်တွင်း၌သာနေကြရန်အကြံပေးထားကြောင်းသိရသည်။

သေဆုံးသူအားလုံးသည် အသက် ၆၀ ကျော်ရှိပြီး အပူဒဏ်ကြောင့်ပိုမိုဆိုးရွားလာနိုင်သည့် ရောဂါအခံရှိကြသည်ဟုဆိုသည်။ကြာသပတေးနေ့က ၂၃ ဦးသေဆုံးကာ သောကြာနေ့တွင် ၁၁ ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

“သေဆုံးသူအားလုံးဟာ နဂိုထဲကကျန်းမာရေးမကောင်းထားတဲ့အခံရှိသူတွေဆိုတော့ အပူဒဏ်ကြောင့်ပိုဆိုးကုန်ပြီး အသက်သေဆုံးတဲ့အထိဖြစ်သွားကြတာပါ” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး သေဆုံးမှုများသည် ရုတ်တရက်နှလုံးသွေးကြောပိတ်ခြင်း ၊ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် ဝမ်းလျှောခြင်းများကြောင့်ဖြစ်ကြောင်း၎င်းကဆိုသည်။

ပူပြင်းသောနွေရာသီကြောင့် ပြည်နယ်တစ်ဝန်းလျှပ်စစ်မီးပြတ်တောက်မှုများပါဖြစ်ပွားခဲ့ရာ ပြည်သူများသည် ရေ၊ပန်ကာနှင့်အဲကွန်းစသည့် အပူဒဏ်ခံနိုင်သည့်အရာများကိုမသုံးစွဲရသဖြင့်ပိုမိုဆိုးရွားကာ အများစုသည်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်ဟုလည်းသိရသည်။

အူတရာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ်ကလည်း အစိုးရအနေဖြင့် ပြည်နယ်အတွင်းလျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် လိုအပ်သည့်အစီအမံများအားလုံးကိုလုပ်ဆောင်နေသဖြင့် အစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ကာ လျှပ်စစ်မီးကိုချွေချွေတာတာသုံးစွဲကြရန်လည်းတိုက်တွန်းခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here