ဒေါ်အောင်ဆန်းစုကြည်၏အမှုများထဲမှ အမိန့်ပြင်ဆင်ချက် အမှု(၂)ခုကို ပြည်ထောင်စု တရားလွှတ်တော်၌ ကြားနာစစ်ဆေး

0
192

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ထားသည့် အမှုများထဲမှ အမိန့်ပြင်ဆင်ချက် လျှောက်ထားခဲ့သည့် အမှု (၂) ခုကို မနေ့က ဇူလိုင်လ (၅) တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်တွင် ကြားနာစစ်ဆေးခဲ့ကြောင်း နေပြည်တော်ရှေ့နေအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

နိုင်ငံတော်လျှို့ဝှက်အက် ဥပဒေ ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃၀ (က) တို့နှင့် ထောင်ဒဏ် (၃) နှစ်စီ အမိန့်ချမှတ်ထားသည့် အမှု(၂)မှုနှင့်ပတ်သက်၍ အမိန့်ပြင်ဆင်ချက် လျှောက်ထားတင်သွင်းခဲ့ခြင်းကို ပြည်ထောင်စု တရားလွှတ်တော်တွင် ကြားနာနေခြင်းဖြစ်ပြီး ဇူလိုင်လ (၅) ရက် တရားခွင်တွင် နှစ်ဖက်‌ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ရကြောင်း သိရသည်။

ယင်းအမှု (၂)မှု အတွက် ထောင်ဒဏ် (၃) နှစ်စီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်သို့ အမိန့်ပြင်ဆင်ချက် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

” နှစ်ဖက် အပြီးသတ်လျှောက်လဲ ချက်တင်သွင်းခဲ့ရပြီဆိုတော့ တစ်လ၊ နှစ်လအတွင်း စီရင်ချက်တွေ ထွက်လာနိုင်တာပေါ့” ဟုတရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်အားအမှု (၁၉) မှုဖြင့် ထောင်ဒဏ် (၃၃) နှစ်အထိ ချမှတ်ထားပြီး အချို့အမှုများကို ‌သူမ၏ ရှေ့နေအဖွဲ့က အထူးအယူခံဝင်ရန်လျှောက်ထားမှုကြောင့် လာမည့် ဇူလိုင် (၁၈) ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံဝင်ရန်သင့်မသင့် ဆုံးဖြတ်ချက်ချမှတ်ရန် ရှိနေကြောင်းလည်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အထူးအယူခံဝင်ဖို့လျှောက်ထားခဲ့သည့် ပြစ်ဒဏ်ချမှတ်ပြီးသား အမှု (၈) မှုရှိပြီး ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကိုဗစ်စည်းကမ်းများ ဖောက်ဖျက်သည်ဟုဆိုကာ သဘာဝဘေးဒဏ်ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲထားသည့် အမှု နှစ်ခုလည်း ပါဝင်သည်။

ထို့အပြင် ရဟတ်ယာဉ် ငှားရမ်းသုံးစွဲမှုအပါအဝင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အမှု (၅) ခုအတွက် အယူခံတင်သွင်းထားခြင်းကို ပြည်ထောင်စု တရားလွှတ်တော်မှ လက်ခံလိုက်သည့်အတွက် လာမည့် ဇူလိုင်လ (၁၅) ရက်တွင် နေပြည်တော်
တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲများအနေဖြင့် အပြီးသတ်လျှောက်လဲချက်တင်သွင်းရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ပြစ်ဒဏ်ချမှတ်ပြီး အယူခံ ပယ်ချခံထားရသည့် အခြားအမှု (၆) မှုကိုလည်း ပြည်ထောင်စု တရားလွှတ်တော်သို့ အမိန့်ပြင်ဆင်ချက်လျှောက်ထားရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြင်ဆင်နေကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here