မလေးရှား ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာရေလုပ်သား (၃)ဦးကို မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီက ထိန်းသိမ်း

0
112

ဇူလိုင်လ ၄ ရက်၊ မွန်းလွဲ ၁၂း၅၀ နာရီအချိန်ခန့်က မလေးရှား ရေပိုင်နက် Kuala Kurau ရေကြောင်းဧရိယာအတွင်း ၇ မိုင်အကွာ အတွင်းသို့ ဒေသခံငါးဖမ်းလှေတစ်စင်းနှင့်အတူ မြန်မာငါးဖမ်းသမား (၃)ဦး တရားမဝင် ဝင်ရောက်လာခဲ့ခြင်းကြောင့် ၎င်းတို့ကို မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (မလေးရှားပင်လယ်ရေကြောင်း)မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

မလေးရေကြောင်းထိန်းသိမ်းရေးအေဂျင်စီမှ တာဝန်ရှိသူ ပုံမှန်ကင်းလှည့်နေစဉ် အဆိုပါ ငါးဖမ်းလှေကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုများအရ လှေပေါ်တွင် အသက် ၂၁ နှစ်မှ ၄၀ နှစ်အကြား မြန်မာနိုင်ငံသား (၃) ဦးကို လှေပေါ်တွင် တွေ့ရှိရပြီး တရားဝင် သက်သေခံအထာက်အထားများ မပါသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးရာမှ စက်လှေသည် တရားဝင်လိုင်စင် ရှိသော်လည်း ပိုင်ရှင်ကိုယ်တိုင် လုပ်ငန်းလည်ပတ်မှု မရှိခြင်းနှင့် သင်္ဘောပင်မအင်ဂျင်၏ မြင်းကောင်ရေကို လိုင်စင်တွင် ဖော်ပြထားသည်နှင့် တူညီမှုမရှိကြောင်းကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ စစ်ဆေးတွေ့ရှိချက်များကြောင့် ငါးဖမ်းစက်လှေနှင့် ငါးဖမ်းကိရိယာအားလုံးကို ဖမ်းဆီးခဲ့ပြီး Kuala Kurua ရေကြောင်းဇုန် ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၃) ဦးကို အထောက်အထား စာရွက်စာတမ်းမရှိဘဲ မလေးရှားနိုင်ငံတွင် နေထိုင်သည့်အတွက် ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here