တမူးဘက်ကဝင်၍ မြဝတီမြို့မှ ဖြတ်သွားမည့် သုံးနိုင်ငံအဝေးပြေးလမ်းမ ၇၀ ရာခိုင်နှုန်း ပြီးစီး

0
234

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းဖောက်လုပ်နေသည့် သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (IMT) တည်ဆောက်မှု (၇၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဇူလိုင်လဆန်းပိုင်းက အိန္ဒိယပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Nitin Gadkari က ပြောကြားထားသည်။

IMT အဝေးပြေးလမ်းမကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ စတင်ပြီး မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့မှ ဝင်ရောက်ကာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံအတွင်းရှိ လမ်းပိုင်းနှင့် ချိတ်ဆက်သွားမည့် အဝေးပြေးလမ်းမဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းကြောင်းနှင့် အရှေ့တောင်အာရှကို အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမကြီးသည် သုံးနိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလာရေး ဆက်ဆံရေးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း Nitin Gadkari က ဆိုသည်။

မြန်မာဘက်ခြမ်း လမ်းပိုင်းများအနက်မှ ၇၅ မိုင် အရှည်ရှိသည့် ကလေးဝ-ယာကြီးလမ်းပိုင်း တည်ဆောက်ရန်နှင့် ၉၃ မိုင်ရှည်သည့် တမူး-ကျီကုန်း-ကလေးဝ (TKK) လမ်းပိုင်းမှာ ချဉ်းကပ်လမ်းနှင့်အတူ တံတား ၆၉ စင်း တည်ဆောက်ရန် အိန္ဒိဘက်မှ တာဝန်ယူထားခြင်းဖြစ်သည်။

ထို့ပြင် ကီလိုမီတာ ၁၄၀၀ ခန့် ရှည်လျားသည့် အဝေးပြေးလမ်းမကြီးကို ၂၀၁၉ ခုနှစ်အပြီး လျာထားဖောက်လုပ်ခဲ့သော်လည်း နှောင့်နှေးခဲ့ရသဖြင့် စီမံကိန်းတစ်ခုလုံးမှာ ၂၀၂၇ ခုနှစ်မှသာ ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

လတ်တ​လောတွင် က​လေးဝ-ယာကြီး လမ်းပိုင်းမှာ ၆၀% ခန့်ပြီးပြီး၊တမူး-က​လေး လမ်းရှိတံတားများမလုပ်နိုင်​သေး​ကြောင်း ​ဒေသခံတစ်ဦးက ​ပေါ်ပြူလာနယူးစ်သို့​ဖြေကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here