မဲဆောက် – မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) မှ ဖြတ်သန်းသွားလာမည့် မြန်မာနိုင်ငံသားများအား မှတ်ပုံတင် ပြနိုင်ရုံဖြင့် သွားလာခွင့်ပြု

0
257

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့ကနေ မဲဆောက်မြို့ဘက်ခြမ်းသို့ ယာယီနိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်မည့် မြန်မာနိုင်ငံသားများအား မှတ်ပုံတင် ပြနိုင်ရုံဖြင့် သွားလာခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်က မှတ်ပုံတင်အပြင် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားကြောင်း ထောက်ခံစာပါ ပြသနိုင်မှ သွားလာခွင့်ပြုခဲ့ရာမှ ယခုဇူလိုင်လဆန်းပိုင်က စတင်ကာ ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ကြောင်း မြဝတီမြို့ခံများထံမှ စုံစမ်းသိရသည်။

” ဟုတ်ပါတယ်။ (၁) ရက်နေ့တည်းက စတာပေါ့။ မှတ်ပုံတင် ပါရင်ရပါပြီ။ အရင်လို ကိုဗစ်ထောက်ခံချက်တွေဘာတွေ မလိုတော့ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထိုင်း – မြန်မာနယ်စပ်ရှိ မဲဆောက် – မြဝတီ ချစ်ကြည်ရေးတံတား အမှတ်(၁) ကို ကိုဗစ်ကာလအတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားရာမှ ယခုနှစ် ဇန်နဝါရီလ (၁၂) ရက် နံနက်ပိုင်းတွင် နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြန်လည်ဖွင့်လှစ်ပေးလိုက်သည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ် (Border Pass) ကိုင်ဆောင်ကာ မဲဆောက်မြို့သို့ သွားရောက်လည်ပတ်ခြင်း ဈေးဝယ်ယူခြင်းများကို နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ ဆောက်ရွက်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုဖြေလျှော့ပေးလိုက်သည့် ဖြေလျှော့မှုသည် နှစ်နိုင်ငံ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့် သွားရောက်သူများကိုသာ ဖြေလျှော့ပေးခြင်းဖြစ်ပြီး MOU စနစ်ဖြင့် အလုပ်အကိုင်သွားရောက်လုပ်ကိုင်မည့်သူများကိုတော့ လို အပ်သည့် ကျန်းမာရေး စစ်ဆေးမှုများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထားများ ပြသရန် လိုအပ်နေသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် စီးစပ်သူများထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here