အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်မထိုးလိုက်ရသည့် အသက် (၅) နှစ်အောက် ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးအစီအစဉ် ဆောင်ရွက်မည်

0
79

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်တွင် ရောဂါ (၁၁) မျိုး ကာကွယ်ဆေး မထိုးလိုက်ရသည့် အသက် (၁) နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို စာရင်းကောက်ယူပြီး ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အမီလိုက်ကာကွယ်ဆေးထိုး အစီအစဉ်ပြုလုပ်ရန် ပြင်ဆင်ရခြင်းသည် ပြီးခဲ့သည့် (၃) နှစ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် အသက် (၁) နှစ်အောက်အရွယ် ကလေးများမှာ ပုံမှန်ထိုးပေးနေကြ ရောဂါ (၁၁)မျိုး ကာကွယ်ဆေးကို တစ်ကြိမ်မျှ မထိုးလိုက်ရသည့် ကလေးနှင့် အကြိမ်ပြည့် မထိုးလိုက်ရသည့်ကလေးများ ရှိနေခြင်းကြောင်း ယင်းအစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“အကြောင်းကြောင်းကြောင့် (၁) နှစ်အောက်ကလေးတွေထဲမှာ ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေးတွေရှိတယ်။ ရန်ကုန်က မဟုတ်ဘဲ အခြားဒေသကနေ နယ်စွန်နယ်ဖျားသွားလာရခက်ခဲတဲ့ နေရာတွေက ကာကွယ်ဆေးမထိုးနှံရတဲ့ ကလေးတွေလည်း ဒီကိုရောက်ရှိလာတာတွေရှိပါတယ်။ ကိုဗစ်ကာလကလည်း ကပ်ရောဂါဖြစ်ထားတာကြောင့် ကာကွယ်ဆေးမထိုးနှံခဲ့ရတာတွေ၊ ကျန်းမာရေးဘက်ကလည်း ကိုဗစ်တိုက်ဖျက်ရေးကြောင့် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာ အားနည်းသွားတာတွေရှိလို့ ဆေးမထိုးရတဲ့ ကလေးတွေက ၂၀၂၀ ကနေစပြီး တစ်နှစ်ထက်တစ်နှစ် စုပုံများပြားလာတာတွေရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယကျန်းမာရေးဦးစီးမှူး ဒေါက်တာသက်စုမွန်က နိုင်ငံပိုင်မီဒီယာတွင် ပြောကြားထားသည်။

အဆိပါ အခြေအနေများကြောင့် ပုံမှန် အသက် (၁)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးနေသည့်အပြင် အသက်(၅)နှစ်အထိ ကာကွယ်ဆေး ပုံမှန်မထိုးရသေးသော ကလေးငယ်များကိုလည်း ရှာဖွေပြီး ထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here