မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်မည်

0
100

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များကို ပြန်လည်ရေးသားနေကြောင်း နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ဇူလိုင်လ (၆) ရက်က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၀ ပြည့်နှစ်က UNESCO သို့ တင်ပြခဲ့သော်လည်း အချက်အလက် အချို့ လိုအပ်နေကြောင်း ပြန်လည်အကြောင်းကြားလာသည့်အတွက် လိုအပ်သည့် အချက်အလက်အပြည့်အစုံကို ပြန်လည်ရေးသားနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကိုလည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အဆိုပြုစာတွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ရက်က UNESCO သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

လူသားမျိုးနွယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနေရာများအား ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး အနာဂတ်မျိုးဆက်များအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေ အနှစ်နေရာ (၂) နေရာရှိပြီး ပုဂံ‌ ရှေးဟောင်းယဉ်ကျေးမှု ဒေသကို (၂၀၁၉) ခုနှစ်တွင်လည်းကောင်း၊ ပျူမြို့ဟောင်းကို ၂၀၁၄ ခုနှစ်တွင် လည်းကောင်း ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် အသီးသီးသတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here