ဇွန်လအထိ က.ည.န တွင် မှတ်ပုံတင်ထားသည့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ (၃၂၀၀) ကျော်ရှိ

0
185

ယခု ၂၀၂၃ ခုနှစ် ဇွန်လအထိ ပြည်တွင်း၌ က.ည.န တွင် မှတ်ပုံတင်ထားသည့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ ၃၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် “ပြည်နယ်နှင့်တိုင်းခရိုင်ရုံးများတွင် အမျိုးအစားအလိုက် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စာရင်း” အရ သိရသည်။

အဆိုပါ စာရင်းအရ လျှပ်စစ်သုံး လူစီးမော်တော်ယာဉ် (၄၆၇) စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် (၂) စီး၊ နှစ်ဘီးတပ် (၂၄၇၄) စီး၊ သုံးဘီးတပ် (၂၆၃) စီး၊ စုစုပေါင်း (၃၂၀၆) စီးရှိပြီဖြစ်ကြောင်း နှင့် လူစီးယာဉ်တွင် ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည် (၁၅) ဦးအထက် မိုက္ကရိုဘတ်စ်၊ လိုက်ဗင်န်၊ ဂျစ်၊ Double Cab ယာဉ်များ ပါဝင်ပြီး ကုန်တင်ဝန်ပေါ့ယာဉ်တွင် ပစ်ကပ်၊ Single Cab၊ လိုက်ထရပ်၊ တင်ဆောင်နိုင်အား (၃) တန်နှင့် (၃)တန်အောက် ဗင်န်၊ ထရပ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

နှစ်ဘီးတပ်ယာဉ်တွင် စက်တပ်စက်ဘီး၊ မိုပက်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်၊ ရိုးရိုးနှစ်ဘီးတပ်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်များ ပါဝင်ပြီး သုံးဘီးတပ်ယာဉ်တွင် သုံးဘီးတပ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီး ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ ပါဝင်ကြောင်း သိရသည်။

လျှပ်စစ်သုံးယာဉ်အမျိုးမျိုးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းနေခြင်းဖြစ်ပြီး လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အပါအဝင် လျှပ်စစ်သုံး EV အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းအတွင်းက မြန်မာနိုင်ငံသို့ လျှပ်စစ်ကား အစီးရေ (၄ဝ)ကျော် ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး လက်ရှိအချိန်အထိ ပြည်တွင်းသို့ လျှပ်စစ်ကားအစီးရေ ရာနှင့်ချီ ရောက်ရှိထားပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here