တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ မောင်မင်းမင်းဟိန်း ကျောင်းဆက်လက်တက်ရောက်ရန် ခက်ခဲနေ

0
175

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အမှတ်ပေါင်း ၅၃၃ ဖြင့် အောင်မြင်ခဲ့သည့် (၅) ဘာသာဂုဏ်ထူးရှင် မောင်မင်းမင်းဟိန်းမှာ ဆေးတက္ကသိုလ် တက်ရောက်ရန် အကူအညီလိုအပ်နေကြောင်း ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။

“ငယ်ငယ်လေးကတည်းက ဘေးနားမှာ နာမကျန်းတဲ့သူတွေနဲ့ လိုအပ်နေသူတွေ အများကြီးကို ကုပေးချင်တဲ့စိတ်နဲ့ ဆရာ၀န်ဖြစ်ချင်ခဲ့တာပါ။ တီဗီထဲမှာလည်း ကုတ်အဖြူကြီး၀တ်တာကိုမြင်ပြီး အရမ်းသဘောကျခဲ့တာ။ အဖေနဲ့အမေတို့အတွက် ဂုဏ်ပဲဖြစ်ဖြစ် ပိုက်ဆံပဲဖြစ်ဖြစ်ပေးချင်တာပါ” ဟု မောင်မင်းမင်းဟိန်းက ပြောကြားသည်။

ညီအစ်ကို (၃) ဦးရှိသည့်အနက် မောင်မင်းမင်းဟိန်းမှာ အကြီးဆုံးသားဖြစ်ပြီး မိခင်ဖြစ်သူမှာ ယခင်က စက်ချုပ်သည့်အလုပ်လုပ်ကိုင်သော်လည်း လက်ရှိတွင် ကျန်းမာရေးအခြေအနေအရ မည်သည့်အလုပ်မှ လုပ်ကိုင်နိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိတွင် ဖခင်ဖြစ်သူ၏ ဆိုက္ကားနင်းသော အလုပ်မှဝင်သည့် ဝင်ငွေတစ်ခုတည်းဖြင့်သာ ရပ်တည်နေရသည့်အတွက် သားဖြစ်သူကို ဆေးတက္ကသိုလ်ထားရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

“ရိုးရိုးဘွဲ့ယူပြီးရင် Computerနဲ့ Speaking တက်ပြီး ဂိုက်ပြန်လုပ်ဖို့ပြောပေမဲ့ သူကဆရာ၀န်ပဲဖြစ်ချင်နေတာ။ သူဖြစ်ချင်တာကို သူကြိုးစားခဲ့ပေမဲ့ ကိုယ်ကမလုပ်ပေးနိုင်တော့ ၀မ်းသာတာထက် ၀မ်းနည်းတာကပိုပါတယ်” ဟု မိခင်ဖြစ်သူက ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။

မောင်မင်းမင်းဟိန်းသည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ စီမံကိန်း ၁၊ ကြက်မောက်လမ်း၊ အမှတ် ၃၉၆၊ (၄) ခန်းတွဲလိုင်းခန်းတွင် အိမ်ငှားရမ်းနေထိုင်ကြောင်းနှင့် မောင်မင်းမင်းဟိန်း ဆေးတက္ကသိုလ်တက်ရောက်ရန် ပညာဒါန ကူညီချင်ပါက ဖခင်ဖြစ်သူ ဦးထွေးတင် ဖုန်းနံပါတ် 09963787076 ထံသို့ ဆက်သွယ်အကူအညီပေးနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here