ရန်ကုန်တိုင်းအတွင်းရှိ Bar နှင့် စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှုကို ပြန်လည်ခွင့်ပြု

0
146

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Bar နှင့် စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှုများကို ရပ်ဆိုင်းထားရန် သက်ဆိုင်ရာက ညွှန်ကြားမှုများရှိခဲ့ပြီးနောက် ပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော Bar နှင့် စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှု အစီအစဉ်များ ဇူလိုင်လ (၅) ရက်မှစ၍ ရပ်ဆိုင်းထားရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။  

ညွှန်ကြားစာတွင် မြို့နယ်များအတွင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော KTV၊ Bar၊ Unplugged၊ Night Club၊ စင်တင်တေးဂီတ၊ အနှိပ်ခန်းများအနေဖြင့် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော လုပ်ငန်းလိုင်စင်အတိုင်းသာ ဖွင့်လှစ်ဆောင်ရွက်သွားရန်၊ ခွင့်ပြုချက်ထုတ်ပေးထားခြင်းမရှိသော KTV၊ Bar၊ Unplugged၊ Night Club၊ စင်တင်တေးဂီတ၊ အနှိပ်ခန်းများအား ဇူလိုင်လ ၅ ရက်နေ့မှစ၍ ပိတ်သိမ်းဆောင်ရွက်သွားရန်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ သတ်မှတ်လိုင်စင်နှင့် ကိုက်ညီမှုမရှိဘဲ လုပ်ငန်းဆောင်ရွက်နေသည်ကို စိစစ်ရေးအဖွဲ့အနေဖြင့် စိစစ်တွေ့ရှိရပါက ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆိုင်အားထိရောက်ပြင်းထန်စွာ အရေးယူပိတ်သိမ်းခြင်း၊ ချိတ်ပိတ်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားချက် ထွက်ပေါ်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ နာမည်ကြီး Bar နှင့် စားသောက်ဆိုင်များက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှတဆင့် ဆိုင်တွင် Unplugged သီဆိုဖျော်ဖြေမှုများကို ယာယီ ရပ်ဆိုင်းမည်ဖြစ်ကြောင်းကို ယမန်နေ့ ဇူလိုင်လ (၆) ရက်တွင် ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကြေညာချက်များ ထုတ်ပြန်ကြပြီးနောက် သက်ဆိုင်ရာက ပြန်လည်ခွင့်ပြုကြောင်း သတင်းထွက်ပေါ် လာပြန်ပြီး ယနေ့ ဇူလိုင် (၇) ရက်တွင် Bar နှင့် စားသောက်ဆိုင်များက Unplugged သီဆိုဖျော်ဖြေမှုများကို ယခင်အတိုင်း ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here