ပဋိပက္ခဒဏ် ခံစားနေရသည့် တိုင်းရင်းသား ပြည်သူအကျိုးအတွက် နီပွန်ဖောင်ဒေးရှင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု NCA-SEAO (၆)ဖွဲ့ ထုတ်ပြန်

0
170

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ခံစားနေရသည့် တိုင်းရင်းသား ပြည်သူများအကျိုးအတွက် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NCA-S EAO (၆)ဖွဲ့က ဇူလိုင်လ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

NCA-S EAO (၆)ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပဋိပက္ခဒဏ်ခံစားနေရသည့် တိုင်းရင်းသားပြည်သူများ၏ အကျိုးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါအား အပြည့်အဝ ထောက်ခံသည်ဟုလည်း ရေးသားထားသည်။

မစ္စတာဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့သစ်စီမံကိန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ စသည်တို့ကို ထောက်ပံ့ခြင်းများ ပြုလုပ်ပေးခဲ့သည်။

ထို့အပြင် လူသားချင်းစာနာမှု အကူအညီများတွင် NCA -SEAO အဖွဲ့များ၏ နယ်မြေများ၌ အခြေခံရိက္ခာ ဆန်ဖြန့်ဝေပေးမှုအား ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆန်အိတ်ရေ ၆၄၀၀၀ ဖြန့်ဝေပေးခဲ့ပြီး ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက်လည်း ဆက်လက်ဖြန့်ဝေပေးရန် စီစဥ်လျက်ရှိကြောင်း သိရသည်။

တိုင်းရင်းသားနယ်မြေများအတွင်းရှိ IDPs များ၊ စစ်ပြေးစစ်ရှောင်များနှင့် ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသည့် မစ္စတာဆာဆာကာဝါနှင့် ၎င်း၏အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့မှ တိုက်ခိုက်ထိုးနှက်နေမှုများကို NCA -S EAO အဖွဲ့များမှ ကန့်ကွက်ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ရေးသားထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့က လက်မှတ်ရေးထိုးဆန္ဒပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here