ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်လူငယ်အသင်းတို့နှင့်ယှဉ်ပြိုင်ရမည့် U12 Junior Soccer World Challenge 2023 အတွက် အသက် ၁၂ အောက်လူငယ်များရွေးချယ်မည်

0
124

ဂျပန်နိုင်ငံတွင်ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ၀င်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၂ အသင်းအတွက် လာရောက်ရွေးချယ်ခံနိုင်ကြောင်း ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ပြိုင်ပွဲကို ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဉရောပကလပ်များဖြစ်သည့် ဘာစီလိုနာလူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များက ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အာဆီယံဒေသတွင် လက်ရှိအချိန်ထိ မြန်မာ ယူ၁၂ အသင်းသာ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းခံထားရပြီး မကြာမီ ပြိုင်ပွဲဝင် အသင်း ၃၂ သင်းစာရင်းအား ထုတ်ပြန်သွားမည်ဖြစ်ကာ မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)အကူအညီဖြင့် FIFA-MFF TDS Scouting Tour 2023 လူငယ်ကစားသမားများ ရွေးချယ်ပွဲကို ပြီးခဲ့သည့် ဧပြီနှင့်မေလများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် နိုင်ငံတဝန်းကျင်းပခဲ့သည်။

အကယ်ဒမီကျောင်းများအတွက် ယူ-၁၁/၁၂၊ ယူ ၁၃၊ ယူ၁၄၊ ယူ-၁၅ ကစားသမားများအား ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း မြန်မာ ယူ၁၂ အသင်းရွေးချယ်ရန် အတွက် အထက်ပါ ကစားသမားများအပြင် နေရာဒေသ အသီးသီးရှိ ကစားသမားများ ပါဝင်နိုင်ရေး အတွက် ယူ-၁၂ ကစားသမား ရွေးချယ်ပွဲကို ထပ်မံပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲအား ရန်ကုန် အမျိူးသား ဘောလုံးအကယ်ဒမီတွင် ဇူလိုင်လ ၁၄၊ ၁၅ ရက်နှင့် မန္တလေး မြန်မာဘောလုံးအကယ်ဒမီတွင် ဇူလိုင်လ ၁၆၊ ၁၇ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အပြီးသတ်(၁၈)ဦးရွေးချယ်မည်ဖြစ်ကာ နိုင်ငံတဝန်းမှ အသက်မီသည့် မည်သည့် လူငယ် ကစားသမားမဆို လာရောက်ရွေးချယ်ခံနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲသို့ လာရောက်ရွေးချယ်ခံမည့် လူငယ်ကစားသမားများ အနေဖြင့် https://www.mediafire.com/file/6fgigf8cssrt4j7/U12_Application_Form_2023.docx/file တွင်စာရင်းသွင်း၍ ဇူလိုင်လ ၁၂ ရက် (ရုံးချိန်အတွင်း)နောက်ဆုံးထားကာ [email protected] E-mail သို့ပေးပို့ရမည်ဖြစ်သည်။

ရွေးချယ်ခံမည့် ကစားသမားသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ နောက်ပိုင်းမွေးဖွားသူဖြစ်ရန် လိုအပ်ပြီး ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့အား ယူဆောင်လာရမည်ဖြစ်ကာအသက်မှန်ကန်မှု အတွက် စနစ်တကျစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here