သက်ကြီးပညာရှင်ဂုဏ်ပြုဆုရရှိသည့် ဦးမိုးဒီ အပါအဝင် ဟာသပညာရှင် (၁၀) ဦးအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်

0
234

သက်ကြီးပညာရှင်ဂုဏ်ပြုဆုရရှိသည့် ဦးမိုးဒီ အပါအဝင် ဟာသပညာရှင် (၁၀) ဦးအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်၊ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ MICC-2 ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)၏ (၁၃)ကြိမ်မြောက် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားတွင် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်လောကတွင် ဟာသပညာရှင်များ၏ အခန်းကဏ္ဍသည် အဓိကနေရာတွင် ပါဝင်လျက်ရှိကြောင်းနှင့် အနုပညာလောကပိုမိုတောက်ပစေရန် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)သည် သာမန်ဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတော်က အလေးထားရပြီး ပြည်သူများကို အလုပ်အကျွေးပြုမည့် အနုပညာရှင်အင်အားတစ်ရပ်အဖြစ် ရည်ရွယ်၍ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မုဒိတာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အနုပညာရှင်များသည် နိုင်ငံတော်၏ အခက်အခဲနှင့် သဘာဝဘေးများ ဖြစ်ပေါ်သည့်အချိန်တိုင်းတွင် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ အခက်အခဲများကို အတူတကွရင်ဆိုင်ကျော်လွှားဆောင်ရွက်ခဲ့ကြ၍ အနုပညာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသည့်ပညာရပ်ဖြင့် နိုင်ငံ့အရေးနှင့် ပြည်သူများအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ဦးမိုးဒီ၊ ဦးပေါ်လေး၊ ဦးကျင်ဝှက်၊ ဦးစံမိုး၊ ဦးချစ်စရာ၊ ဦးမိုးကျော်၊ ဦးရွှေခဲ၊ ဦးမန်းကျော်၊ ဦးသိုးဆောင်းနှင့် ဦးဝါမင်းတို့ကို သက်ကြီးပညာရှင် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒု-ဝန်ကြီး ဦးရဲတင့်မှ ၂၀၂၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဒု-ဥက္ကဋ္ဌ ဦးအုန်းသီး၊ ဒု-ဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်တွင် လူမှုထူးချွန်ဆု(ဒုတိယအဆင့်)ရရှိခဲ့သည့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်တို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်း‌ဒေါင်မှလည်း မြန်မာနိုင်ငံလူရွှင်တော်အသင်း၊ ချွန်တွန်းပရဟိတအသင်းကာလမှ နိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) နာယက ဦးငြိမ်းချမ်းနှင့် တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်တို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများက သက်ကြီးဟာသပညာရှင်ကြီးများအား ကန်တော့ခံပစ္စည်းများပေးအပ်ကာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးမှ ဟာသပညာရှင်များက သက်ကြီးဟာသပညာရှင်ကြီးများအား စုပေါင်းကန်တော့ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here