အီတလီ၌ ဘိုးဘွားရိပ်သာမီးလောင်မှုကြောင့် ခြောက်ဦးသေဆုံး

0
123

မီလန်၊ဇူလိုင် ၇

မီလန်မြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် သောကြာနေ့ (ဇူလိုင် ၇ ရက်) နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးခဲ့ပြီး အဆောင်နေ ၈၀ ခန့်မှာ မီးခိုးငွေ့ရှူရှိုက်မိပြီးဆေးရုံတင်ထားရကြောင်း မီးသတ်သမားများကပြောကြားခဲ့သည်။

အဆိုပါဘိုးဘွားရိပ်သာတွင် အထပ်သုံးထပ်ရှိပြီး စုစုပေါင်း ၁၆၇ ဦးခန့်နေထိုင်ကြကြောင်းသိရသည်။မီးလောင်မှုဖြစ်ပွားနေစဉ်မြင်ကွင်းသည် ကြည့်ရက်စရာမရှိဘဲ ငရဲကျသလိုပင်ဖြစ်နေသည်ဟု အနီးနားနေသူ လူစီယာကသတင်းထောက်များသို့ပြောကြားခဲ့သည်။

သက်ကြီးရွယ်အိုများသည် မီးခိုးဒဏ်အားကာကွယ်ရန် ၎င်းတို့၏မျက်နှာများအား အဝတ်စိုဖြင့်ဖုံးအုပ်ထားကြပြီး ပြတင်းမှန်များလည်းအပူရှိန်ဖြင့်ကွဲအက်ကုန်သည်ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကိုမသိရသေးကြောင်းလည်း မီးသတ်တပ်ဖွဲ့များကပြောကြားခဲ့သည်။လူအယောက် ၈၀ ခန့်ဆေးရုံတင်ထားရပြီး ယင်းတို့အနက်နှစ်ဦးမှာ အသက်လုနေရကြောင်းလည်းသိရပြီး ကျန် ၁၅ ဦးသည်လည်း စိုးရိမ်ရသည်ဟုသိရသည်။

သေဆုံးသူခြောက်ဦးအနက် ငါးဦးမှာ အသက် ၆၉ မှ ၈၇ ခုနှစ်ကြား အရွယ်ရှိသော အမျိုးသမီးများဖြစ်ကြပြီး ကျန်အမျိုးသားတစ်ဦးမှာ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here