မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိ

0
382

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ယူ-၁၉ အုပ်စုအဖွင့်ပွဲစဉ်တွင် ဖိလစ်ပိုင် အမျိုးသမီး ယူ-၁၉ အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ယုယုနိုင်၊ ကြယ်စင်၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ ဝေဟင်ဖြိုး၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် ဟေမာန်စိုး၊ ရွှန်းလဲ့နိုင်၊ သိင်္ဂီထွေး၊ သဲအိမွန်သောင်းတို့ ဝင်ရောက်ကစားခဲ့ကြသည်။

မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းအနေဖြင့် ဖိလစ်ပိုင်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဖိလစ်ပိုင်ခံစစ်နှင့် ဂိုးသမားတို့ကလည်း မာမာထန်ထန်ဖြင့် ပြန်လည်ကစားသွားခဲ့သည်။

ပထမပိုင်း ပွဲချိန် မိနစ် ၄၀ တွင် ဖိလစ်ပိုင်အသင်း အမှတ်မထင် အဝေးကန်ချက်မှတဆင့် ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် လိုအပ်သော ချေပဂိုးနှင့် အနိုင်ဂိုးများ ရရှိရေးအတွက် ဖိလစ်ပိုင်ဘက်သို့ ဆက်လက်ထိုးဖောက် တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၅၉ မိနစ်တွင် ဇင်မိုးပြည့်နှင့် ၇၅ မိနစ်တွင် ယဉ်လွန်းအိမ်တို့က ဂိုးများသွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။

“ဖိလစ်ပိုင်အသင်းက သူတို့ရဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်တဲ့အတွက် အစွမ်းကုန်အားထုတ် ကစားခဲ့သွားခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပွဲချိန် ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ ဂိုးမရခဲ့လို့ အခုလို ဂိုးကွာခြားချက် နည်းသွားခဲ့ရတာပါ။ နောက်ပွဲဖြစ်တဲ့ ထိုင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့အတွက် ဆက်လက်ကြိုးစားသွားမှာပါ။ ထိုင်းကတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး သူတို့ကစားပုံကို ကျွန်တော်တို့ တွေ့ထားပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်မှာ သေချာပြင်ဆင်သွားမှာပါ” ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ဇူလိုင် ၁၀ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းအသင်းနှင့် ဆက်လက်ရင်ဆိုင် ကစားရဦးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here