ကမ္ဘောဒီးယားဝန်ကြီးချုပ်က အမေရိက အား ယူကရိန်းသို့ Cluster ဗုံးမပေးရန်တောင်းဆို

0
199

ဖနွမ်းပင်၊ဇူလိုင် ၉

စစ်လက်ကျန်ပစ္စည်းများ၏ဒဏ်အား အလူးအလိမ့်ခံနေရဆဲဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က ကန်သမ္မတအား ယူကရိန်းသို့ Cluster ဗုံးများမပေးရန်မေတ္တာရပ်ခံခဲ့ပြီး ယူကရိန်းသမ္မတအားလည်း အဆိုပါဗုံးများအသုံးမပြုရန် အနူးအညွတ်မေတ္တာရပ်ခံခဲ့ကြောင်းသိရသည်။

လူသားချင်းစာနာမှုအဖွဲ့အစည်းများကလည်း လာမည့်နှစ်ပေါင်းများစွာအထိ အရပ်သားပြည်သူများအတွက် ဒုက္ဒဖြစ်စေနိုင်သည့် Cluster ဗုံးထောက်ပံ့ပေးမည့် အမေရိက၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာဟွန်ဆန်ကမူ အဆိုပါ Cluster ဗုံးများအား ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများအတွင်းအသုံးပြုမိပါက နောင်နှစ်ပေါင်းများစွာအထိ ယူကရိန်းနိုင်ငံသားများအတွက် ဒုက္ခဖြစ်စေလိမ့်မည်ဟု တွစ်တာ၌ရေးသားခဲ့သည်။

ထို့ပြင်၁၉၇၀ ပြည့်လွန်အစောပိုင်း နှစ်များက အမေရိက၏ Cluster ဗုံးဒဏ်ခံခဲ့ရသည့် ကမ္ဘောဒီးယား၏ခါးသီးသောအတွေ့အကြုံများအရ နောက်ပိုင်းပြည်သူများသည် အဆိုပါစစ်လက်ကျန်ဗုံးများကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းရခြင်းနှင့်သေဆုံးခြင်းများ ယနေ့အထိရှိနေသေးသည်ဟုလည်းဆိုခဲ့သည်။စစ်ဖြစ်ခဲ့သည့်အချိန် ရာစုနှစ်ဝက်နီးပါးရှိနေပြီဖြစ်သော်လည်း ယနေ့အထိအဆိုပါဗုံးများကို အလုံးစုံကင်းရှင်းအောင်မပြုလုပ်နိုင်သေးကြောင်းလည်းပြောကြားခဲ့သည်။

“တကယ်ဒုက္ခရောက်မဲ့သူက ယူကရိန်းပြည်သူတွေသာဖြစ်လို့ ၎င်းတို့ကောင်းကျိုးကိုထောက်ရှုတဲ့အနေနဲ့ လက်နက်ထောက်ပံ့သူဖြစ်တဲ့ကန်သမ္မတကိုရော လက်ခံသူဖြစ်တဲ့ယူကရိန်းသမ္မတကိုပါ Cluster ဗုံးတွေ မပေးဖို့နဲ့အသုံးမပြုဖို့တောင်းဆိုချင်ပါတယ်” ဟု ဝန်ကြီးချုပ်ဟွန်ဆန်ကပြောကြားခဲ့သည်။

၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်များအကြားဖြစ်ပွားခဲ့သည့် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကသည် ကမ္ဘောဒီးယားနှင့်လာအို၌ သန်းချီသောဗုံးများကြဲချခဲ့သဖြင့် ယခုအခါကမ္ဘောဒီးယားသည် ကမ္ဘာပေါ်၌ မိုင်းတွေ့ရှိမှုအများဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်လာခဲ့သည်။

အဆိုပါဖြစ်ရပ်များကြောင့် မြေမြှုပ်မိုင်းနှင့် မိုင်းကြွင်းမိုင်းကျန်များကိုတက်နင်းမိကာ ယနေ့အထိနှစ်လေးဆယ်ကျော်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂၀,၀၀၀ ခန့်သေဆုံးခဲ့ပြီဖြစ်ကြောင်းလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here