ချောင်းအား လက်ပစ်ကူး၍ ဖြတ်သန်းသည့်​ကျောင်းသားထဲမှ ရေနစ်သွားသည့် (၂) ဦး၏ ရုပ်အလောင်းများအား ၂ရက်ကြာမှ တွေ့ရှိ

0
164

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ ဇူလိုင်လ (၁၀) ရက် နံနက်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများမှ သိရသည်။

ကျောက်ဖြူမြို့ ၊ ငလပွေ့ရပ်ကွက်တွင် နေထိုင်သည့် ကလေး (၂) ဦးမှာ ဇူလိုင်လ (၈) ရက် နေ့လယ်ပိုင်းကပင် ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဒေသခံ လူမှုကူညီရေးအသင်းများက ရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ငလပွေ့ရပ်ကွက်နေ မောင်ညီကိုဝင်းနှင့် မောင်ပုတုတို့သည် ဇူလိုင် (၈) ရက်နေ့လယ် (၁) နာရီခန့်တွင် အခြားကျောင်းသားအချို့နှင့် ငလပွေ့ချောင်းအား လက်ပစ်ကူး၍ ဖြတ်သန်းစဥ် ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းခဲ့သို့ ရေနစ်ပျောက်ဆုံးသွားသည့်အတွက် တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ချောင်းရိုးတစ်လျှောက်၌ လိုက်လံရှာဖွေခဲ့ကြသော်လည်း တွေ့ရှိခဲ့ခြင်း မရှိဘဲ ယနေ့နံနက်ပိုင်းတွင်မှ သေဆုံးနေသည့် ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“စတင်ပျောက်ဆုံးတာကို သိတဲ့အချိန်ကစပြီး ရှာဖွေရေးတွေဆက်တိုက်လုပ်ခဲ့တယ်။ ဒီနေ့မနက် (၆) နာရီမှာ ကလေးတစ်ယောက်ရဲ့ ရုပ်အလောင်းကိုတွေ့တယ်။ မနက် (၈)နာရီမှာ နောက်ထပ်တစ်ယောက်ရဲ့ရုပ်အလောင်းကိုတွေ့တာ”ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်ပျောက်ဆုံးသွားရာမှ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသည့် ကျောင်းသား ၂ ဦး၏ ရုပ်အလောင်းများအား ကျောက်ဖြူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here