ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းရင်းနှီး မြှုပ်နှံသူများကို လိုအပ်သောပံ့ပိုးမှုများ ဖြည့်ဆည်းပေးမည်

0
125

ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံအတွက် ဝင်ငွေများစွာ ရှာဖွေပေးနေသော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံသူများကို လိုအပ်သော ပံ့ပိုးမှုများ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၉) ရက်၊ နံနက်ပိုင်းက နစက အဖွဲ့ဝင်၊ ဒု – ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလဝါတွင် သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် အဓိကကျသည့် ဆိပ်ကမ်းကဏ္ဍစနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံသူများကို လိုအပ်သောပံ့ပိုးမှုများ ဖြည့်ဆည်းပေးရမည်ဖြစ်ကာ ဥပဒေနှင့် အညီ စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ကြီးကြပ်ဆောင်ရွက်ပေးရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဆိပ်ကမ်းလုပ်ငန်းကဏ္ဍဟာ နိုင်ငံတော်အတွက် ဝင်ငွေများစွာရှာဖွေပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership) စနစ်နဲ့ ဆောင်ရွက်နေတာကြောင့် ဆိပ်ကမ်းလုပ်ငန်းဟာ အရင်းအနှီးကြီးမားတဲ့ Infrastructure Investment လုပ်ငန်းဖြစ်ပါတယ် ” ဟု ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ထို့ကြောင့် နည်းပညာနှင့်ကျွမ်းကျင်လုပ်သားများ အစဉ်အမြဲလိုအပ်နေပြီး ပုဂ္ဂလိကအခန်းကဏ္ဍသည် အလွန်အရေးပါကာ ဒေသတွင်း၊ နိုင်ငံတကာဆိပ်ကမ်းများနှင့်တန်းတူ ရင်ပေါင်တန်း၍ စွမ်းဆောင်ရည်ပြည့်ဝစွာ ဆိပ်ကမ်း ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here