ဆောက်လုပ်ရေးသုံးပစ္စည်းနှင့်အသုံးအဆောင်ပစ္စည်းများအား ဈေးတင်ရောင်းချနေခြင်းကို ထိရောက်စွာအရေးယူရန် နစက ဥက္ကဋ္ဌ မှာကြား

0
237

“မိုခါ”မုန်တိုင်းဒဏ်ခံစားနေရသည့် ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများအား စျေးတင်ရောင်းချနေသူများကို ထိရောက်စွာအရေးယူမည်ဖြစ်‌ကြောင်း  နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၁၀ ရက်က ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

“ဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်တွေကို ပေးရမှာဖြစ်ပါတယ်။ မိမိတို့တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ်တာက မဖြစ်သင့်ပါဘူး”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

သဘာဝဘေး အန္တရာယ်ကြုံတွေ့ရချိန် အများပြည်သူအခက်အခဲ အကျပ်အတည်းများ တွေ့ကြုံနေရချိန်၌ ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းသူများက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများထက် မတန်တဆဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းများရှိပြီး အဆိုပါ ပုဂ္ဂိုလ်များအား ထိရောက်စွာအရေးယူမည်ဟုလည်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးချိန်မှစကာ ဆောက်လုပ်ရေးသုံး လုပ်ငန်းများဖြစ်သည့် အုပ်၊ သဲ ကျောက်၊သွပ် ၊ သွပ်သံ ၊ သစ်ခွဲသားများနှင့် အခြားသံထည်ပစ္စည်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့ပြီး အခြေခံ စားသောက်ကုန်ပစ္စည်းဈေးနှုန်းများမှာလည်း ထက်ဝက်နီးပါး မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ၏ စားသောက်ရေး လတ်တလော အဆင်ပြေစေရန် ဒေသတွင်းလိုအပ်ချက်ရှိသည့် ဆန်၊ ဆီနှင့် အခြားလိုအပ်သည်များကို ပေးပို့လျက်ရှိကာ ဒေသတွင်း အသားစားသုံးမှုအထောက်အကူဖြစ်စေရန် မွေးမြူရေးအတွက်လိုအပ်သည့် ကြက်သားပေါက်များကိုလည်း တင်ပို့ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here