မြန်မာအမျိုးသမီး ယူ-၁၉ အသင်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်နှင့်တွေ့ဆုံ

0
180

စည်းမျဉ်းပြောင်းလဲမှုအရ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်နှင့်တွေ့ဆုံနေကြောင်း သိရသည်။

အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို နောက်ကျဂိုး (၁-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

အုပ်စုပွဲစဉ်များ ပြီးဆုံးသွားချိန်တွင် အုပ်စုပထမရသော အသင်းများဖြစ်သည့် အုပ်စု (က)မှ အင်ဒိုနီးရှား၊ အုပ်စု (ခ)မှ ဗီယက်နမ်၊ အုပ်စု (ဂ)မှ ထိုင်းအသင်းတို့နှင့် အကောင်းဆုံး အုပ်စု ဒုတိယရရှိသည့် မြန်မာအသင်းတို့ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။

ဆီမီးအဆင့်တွင် Tournament regulations ပြောင်းလဲမှုအရ အုပ်စု (က) ပထမ အင်ဒိုနီးရှားနှင့် အုပ်စု (ဂ) ပထမ ထိုင်း၊ အုပ်စု (ခ) ပထမ ဗီယက်နမ်နှင့် အကောင်းဆုံး အုပ်စုဒုတိယ မြန်မာ အသင်းတို့ ရင်ဆိုင်ကစားကြရမည်ဖြစ်သည်။

“ ကလေးတွေ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အကောင်ထည်ပေါ်လာဖို့အတွက် လာမဲ့ပွဲတွေမှာ အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့မှာ ပထမပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ကစားကြရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here