အိန္ဒိယ၌ မုတ်သုန်မိုးရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၉ ဦးအထိရှိလာ

0
129

နူးဒေလီ၊ဇူလိုင် ၁၁

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရက်ပိုင်းအတွင်း လူ ၂၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒေသအများစု၌တံတားများကျိုးကျမှု‌ကြောင့် လမ်းများပိတ်ဆို့သွားကြောင်းလည်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုဒဏ်အားအများဆုံးခံစားရသည့် ဟီမာချာပရာဒက်ရှ်ပြည်နယ်၌ ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများ၊မော်တော်ကားများမျောပါသွားပြီး အဆောက်အအုံများပြိုကျခြင်းနှင့် တံတားများပြိုကျပျက်စီးခြင်းများပါဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ရက်အတွင်းကလည်း ဟီမာချာပရာဒက်ရှ်၌ မုတ်သုန်မိုးသည်းမှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံးပြီးဖြစ်ကြောင်းသိရှိရသည်။ကျန်သေဆုံးသူ ၉ ဦးမှာ ရာဂျက်စ်သန်ပြည်နယ်မှဖြစ်ပြီး အစိုးရအနေဖြင့် သေဆုံးထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်းပြောကြားခဲ့သည်။

တာဝန်ရှိသူများအနေဖြင့် မိုးတိတ်ချိန်ကိုစောင့်ဆိုင်းနေပြီး ပိတ်မိနေသူအ‌ယောက် ၃၀၀အား ရဟတ်ယာဉ်ဖြင့်ကယ်ဆယ်ရေးလုပ်ရန်ပြင်ဆင်နေကြပြီး မိုးလေဝသဌာန၏ခန့်မှန်းချက်အရ နိုင်ငံမြောက်ပိုင်းပြည်နယ်များ၌ မိုးဆက်လက်သည်းထန်နေနိုင်ကြောင်းလည်းခန့်မှန်းထားကြသည်။

မုတ်သုန်မိုးကြီးမှုကြောင့် နူးဒေလီရှိကျောင်းများလည်းပိတ်ထားရပြီး ယမုံနာမြစ်သည်လည်း စိုးရိမ်ရေမှတ်ကျော်လွန်ကာ အန္တရာယ်ရှိသည့်အနေအထားဖြစ်နေပြီဟုသိရသည်။

အိန္ဒိယသည် မိုးတွင်းကာလ၌ မိုးများသဖြင့်ရေကြီးရေလျှံသည်မှာအစဉ်အလာတစ်ခုပမာဖြစ်နေသော်လည်း ယခုတစ်ကြိမ်သည် ယခင်ထက်ဆယ်ဆပိုရွာသွန်းခြင်းဖြစ်‌ကြောင်းမိုးလေဝသပညာရှင်များကဆိုပြီး ယခုကဲ့သို့ ဖြစ်ရခြင်းသည် ရာသီဥတုပြောင်းလဲမှုများကြောင့်ဖြစ်သည်ဟုဆိုခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here