သထုံမြို့ မြေနီကုန်း ဘုန်းကြီးကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

0
234

မွန်ပြည်နယ်၊ သထုံမြို့ ရှိ၊ မြေနီကုန်းဘုန်းကြီးကျောင်းရှေ့တွင် ယနေ့ ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အသက်(၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နံနက် (၇) နာရီခွဲခန့်က သထုံမြို့ ၊ သထုံ – ရန်ကုန် သွားကားလမ်းဘေးရှိ မြေနီကုန်းဘုန်းတော်ကြီးကျောင်းရှေ့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန် ဆိုင်ကယ်နောက်တွဲယာဥ်ဖြင့် ဖြတ်သန်းသွားသည့် အသက်(၄၅)နှစ်အရွယ် အမျိုးသား၏ ညာဘက်နံရိုးနှင့် ဘယ်ဘက်ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

“မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပါတယ်။ သူ့အမျိုးသမီးပြောပြတာက မနေ့က ဝယ်လာတဲ့ သစ်ပင်တွေကို ခြံထဲမှာ စိုက်ဖို့ အိမ်ကနေထွက်သွားတဲ့အချိန်မှာ ဖြစ်သွားတာလို့ သိရပါတယ်။ ပေါက်ကွဲမှုကနေ ထွက်လာတဲ့အစတစ်ခုက နံရိုးထဲကို ဝင်သွားတယ်။ သွေးထွက်လွန်နေတာပေါ့။ ထိခိုက်ဒဏ်ရာရတဲ့လူက နောင်ကလားဘက်ကပါ ” ဟု အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရ အမျိုးသားအား အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here