စင်ကာပူဘဏ် UOB က MAI လေကြောင်းလိုင်း ဘဏ်စာရင်းများကို ဩဂုတ် (၁၅) ရက် နောက်ဆုံးထား ပိတ်သိမ်းမည်ဟုဆို

0
283

MAI အနေဖြင့် ၎င်းတို့၏ ဘဏ်စာရင်းများကို ဆက်ဖွင့်ပေးထားရန် ပန်ကြားထား

စင်ကာပူထိပ်သီးဘဏ် United Overseas Bank (UOB) သည် Myanmar Airways International (MAI) လေကြောင်းလိုင်းအတွက် ဘဏ်ဝန်ဆောင်မှုပေးခြင်းများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း The Straits Time သတင်းဌာနတွင် ဖော်ပြထားသည့် သတင်းတစ်ရပ်အရ သိရသည်။

UOB ဘဏ်အနေဖြင့် MAI လေကြောင်းလိုင်း၏ ဘဏ်စာရင်း (၅) ခုကို ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထား ပိတ်သိမ်းသွားမည့် အစီအစဉ်ရှိနေသော်လည်း MAI အနေဖြင့် ၎င်းတို့၏ ဘဏ်စာရင်းများကို ဆက်ဖွင့်ပေးထားရန် ပန်ကြားထားကြောင်းလည်း သိရသည်။

MAI အမှုဆောင်အရာရှိချုပ် Seravanan Ramasamy မှ လက်မှတ်ထိုးပြီး စီးပွားရေး လုပ်ဖော်ကိုက်ဖက်များထံ ပေးပို့သည့် စာတွင် အဆိုပါ အကြောင်းအရာကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ဇူလိုင်လ (၁) ရက်မှ စတင်ပြီး MAI ငွေစာရင်းထဲသို့ ငွေသား သို့မဟုတ် ချက်လက်မှတ်အပ်ငွေ ထည့်သွင်းခြင်းကို ခွင့်ပြုမည်မဟုတ်တော့ဘဲ ပြင်ပငွေလွှဲခြင်းကိုလည်း ဇူလိုင်လ (၂၁) ရက်နေ့ နောက်ဆုံးထား ရပ်ဆိုင်းသွားမည်ဟု အသိပေးထားခြင်းဖြစ်ကြောင်းThe Straits Time သတင်းက ဆိုသည်။

ထို့ပြင် ဘဏ်စာရင်းမဖျက်သိမ်းမီ ငွေလွှဲမှုစာရင်းများအပြင် MAI လေယာဉ်များနှင့် သယ်ယူလာမည့် ကုန်ပစ္စည်းအမျိုးအစားအပါအဝင် အခြားလိုအပ်သည့် စာရွက်စာ တမ်းတွေကို ပြသရန် အဆိုပါ ဘဏ်က တောင်းဆိုထားပြီး တစ်ချိန်တည်းမှာပင် UOB က လေကြောင်းလိုင်း၏ အကောင့်များအား စောင့်ကြည့်စစ်ဆေးခြင်းများ အရှိန်မြင့်လုပ်ဆောင်မည်ဟု ပြောကြားထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here