လျှပ်စစ်သုံး EV ကား (၅၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

0
209

လျှပ်စစ်သုံးမော်တော်ယာဉ် EV ကား (၅၅) စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကားများမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာ‌သည့် MG အမှတ်တံဆိပ်မော်တော်ယာဉ်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်ကားအမျိုးအစားနှင့် ကားစီးရေမှာ MG၊ MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄၇) စီး၊ MG Marvel R အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးနှင့် MG၊ MG5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီး၊ စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် (၅၅) စီး ဖြစ်ကြောင်းသိရသည်။

ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အဆိုပါကားများကို ဇူလိုင်လ (၁၀) ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်များတင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် အငှားယာဉ် (Taxi) နှင့် ဘတ် (စ်) ကားများပါဝင်သည့် လျှပ်စစ်ယာဉ် (EVs) အစီးရေ ၃၀ဝ၀ ခန့်ကို ပထမ အဆင့်အနေဖြင့် နိုင်ငံအတွင်း တင်သွင်းခွင့်ပြုထားခြင်း ဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် EV ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် “လျှပ်စစ်မော်တော်ယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ”ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် CBU၊ CKD၊ SKD စနစ်များဖြင့် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အခွန်နှုန်းထားများကို သုည ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ထားပြီး တစ်နှစ်တာ ရှေ့ပြေး EV စီမံကိန်း ဖော်ဆောင်မှုအရ လက်ရှိတွင် တရုတ်နိုင်ငံထုတ် ဘက်ထရီလျှပ်စစ်ကား (BEV) များကို ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here